News

လူထုအကြား ရိုက်ခတ်နေတဲ့ NVC ကတ် ဂယက်
“NVC (National Verification Card) လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ရုံနဲ့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာကို လွတ်လပ်စွာသွားလာနိုင်တယ်... ”ဆိုတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ စကားအပေါ် ယခုရက်ပိုင်းမှာ လူထုအတွင်း၊ နိုင်ငံရေးလေ့လာသူများနဲ့ အခြားနိုင်ငံရေးပါတီများအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ ဒီအပေါ် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကတော့ “NVC ကတ် ကိုင်ဆောင်ရုံနဲ့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာကို သွားလို့ရတယ်ဆိုတာ လုံးဝမဟုတ်သလို လျှောက်ထားသူတိုင်းလည်း အချိန်ငါးလကြာရင် နိုင်ငံသားဖြစ်ခွင့်ရမှာ မဟုတ်ပါဘူး”လို့ ဧပြီလ ၂၅ ရက်နေ့မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ နိုင်ငံပိုင်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားကနေပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနဲ့ ဒေါက်တာဝင်းမြတ်အေးတို့နှစ်ဦးက ပြည်သူတွေသိအောင် ရှင်းပြနေတာတွေကိုလည်း ကြည့်ခဲ့ရပါသေးတယ်။

ဒီအပေါ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကတော့ နိုင်ငံသားမဖြစ်သေးသူတွေကို နိုင်ငံသားအခွင့်အရေး ပေးစရာမလိုဘူး။ ဒီလိုပေးမယ်ဆိုရင် အနောက်တံခါးတင်မဟုတ်တော့ဘဲ တစ်နိုင်ငံလုံး အန္တရာယ်ကြီးသွားပြီလို့ ဆိုခဲ့သလိုဒါနဲ့ပတ်သက်ပြီးတော့လည်း ဧပြီလ ၂၄ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ကြေညာချက်ထဲမှာတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားခဲ့တဲ့ “လူဝင်မှုကြီးကြပ်ရေးက ပုံစံ (၄) တစ်ခုကို ဖြည့်လိုက်တာနဲ့ ဖြည့်ပြီးရင်သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့ သွားချင်ရာကို သွားလို့ရတယ်၊ အဲ့ဒီလိုပုံစံဖြစ်သွားပါပြီ၊ ဒါကို ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်နေပါတယ်”လို့ဆိုခဲ့တဲ့အပေါ် နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလွန်စိုးရိမ်ဖွယ်အခြေအနေဖြစ်တာမို့ ပြင်းထန်စွာ ကန့်ကွက်ပါတယ်လို့ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် ဒါနဲ့ပတ်သက်ပြီး မေလ ၁၄ ရက်နေ့မှာ ပြန်စမယ့် ပြည်ထောင်စုလွှတ်တော်အဆင့် လွှတ်တော်အစည်းအဝေးတွေမှာလည်း ဒီကိစ္စအပေါ်အရေးကြီးအဆို တင်သွင်းပြီး ကန့်ကွက်သွားမယ်လို့ ဆိုထားတာကို တွေ့ကြပြီးဖြစ်မှာပါ။ ဒီကိစ္စအပေါ် မျိုးချစ်ရဟန်းများ အသင်းကလည်းကန့်ကွက်စာထုတ်ပြန်ခဲ့တာ တွေ့ခဲ့ရပါသေးတယ်။

ဒါကြောင့်မို့ ဒီကတ်ကိစ္စအပေါ် အစိုးရပိုင်းဆိုင်ရာတာဝန်ရှိတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတွေဘက်က မှားသလား၊ ပြင်ပက ပြောဆိုဝေဖန်သူတွေက မှန်သလား၊ NVC ကတ်ရဲ့အစကဘာလဲ၊ သူ့မှာ နောက်ကြောင်းတွေ ဘယ်လိုရှိခဲ့တာလဲ၊ အခုရော ဘယ်သူတွေကို ဘယ်လိုထုတ်ပေးမှာလဲ၊ ဒီလိုထုတ်ပေးခြင်းတွေကရော ဥပဒေနဲ့ညီသလား၊ ဒေသတွင်းမှာ အမှန်လုပ်သင့်တဲ့အချက်တွေကရော ဘာတွေဖြစ်မလဲဆိုတာတွေကို ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားကြရအောင်ပါ။

အမှန်ဆို ဒီ NVC ကတ်ကိစ္စအကြောင်း ပြောကြတော့မယ်ဆိုရင် သူ့နောက်ကွယ်ကအကြောင်းတွေကို အရင်ဆုံးပြောမှ အဆင်ပြေမယ်ထင်ပါတယ်။ ဒီကိစ္စ စတင်ဖြစ်ပေါ်လာတာကတော့ ပြီးခဲ့တဲ့နှစ်တွေက ရခိုင်ပြည်နယ်မြောက်ဖျားမှာ ARSA အစွန်းရောက်အကြမ်းဖက်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နယ်မြေမငြိမ်သက်မှုတွေအကြားမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံသွားတဲ့အရေအတွက်ဟာ အခုနောက်ဆုံးကိန်းဂဏန်းတွေအရဆိုရင် တစ်သန်းခန့် ရှိနေပြီဖြစ်ပါတယ်။ ဒီအပေါ် အစိုးရနဲ့ဘင်္ဂလားဒေ့ရှ်တို့ နှစ်နိုင်ငံအကြား အကြိမ်ကြိမ်အခါခါ ပြန်လည်ညှိနှိုင်းပြီး မြန်မာနိုင်ငံထဲကို ပြန်လည်ဝင်ရောက်ဖို့အတွက် စိစစ်နိုင်ဖို့ ဆောင်ရွက်နေခဲ့ကြပါတယ်။ ဒီလိုစိစစ်တဲ့အခါ သူတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာနေခဲ့တဲ့ သက်သေအထောက်အထားတွေလည်းရှိမယ်၊ မျိုးရိုးဇာတိလည်း မှန်ကန်မယ်ဆိုရင် သူတို့အပေါ် အခုပြောနေကြတဲ့ NVC ကတ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီလိုထုတ်ပေးပြီးတဲ့အခါဆိုရင်တော့ နိုင်ငံတစ်နိုင်ငံလုံးကို လွတ်လွတ်လပ်လပ်သွားခွင့်ရှိမလား၊ မရှိဘူးလားဆိုတာကတော့ အခုလက်ရှိ အများကစိုးရိမ်နေပြီး အငြင်းပွားနေတဲ့ ပြဿနာပါပဲ။

အမှန်ဆိုရင် ဒီ NVC ကတ်မတိုင်မီက သူတို့ကို ဘာထုတ်ပေးခဲ့သလဲဆိုတာကို ပြန်လေ့လာကြည့်ရင် White Card လို့ခေါ်တဲ့ နိုင်ငံသားအသိအမှတ်ပြု ယာယီသက်သေခံကတ်ပြားတွေကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက လူ ၈ သိန်းလောက်ကို ထုတ်ပေးခဲ့ဖူးတယ်လို့ ဖတ်ရပါတယ်။ အဲ့ဒီကတ်တွေကတော့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာကို ခရီးသွားလာနိုင်တယ်ဆိုတဲ့အချက်ကို ကန့်သတ်ထားပေမယ့် သူတို့ဟာ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရမဲပေးခွင့်တော့ ရခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် အဲ့ဒီ White Card နဲ့ အခု NVC ကတ်က ဘာကွာခြားတာလဲဆိုတာကို ကျွန်တော်တို့ ဆက်လက်ဆွေးနွေးကြည့်ကြရအောင်ပါ။ White Card ကတော့ ယာယီသက်သေခံလက်မှတ်သာဖြစ်ပြီး မဲပေးခွင့်ရပေမယ့် သူက နိုင်ငံသားဖြစ်ခွင့်ရမယ့်ကတ် မဟုတ်ဘူးဆိုတာ တွေ့ရပြီး အခု NVC ကတ်ကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံသားအဖြစ် ခွင့်ပြုဖို့ စတင်စိစစ်ခံရမယ့်ကတ်လို့ ဆိုထားပါတယ်။ White Card ကတော့ ၂၀၁၅ ခုနှစ်မှာ သက်တမ်းကုန်သွားခဲ့ပြီး အခု NVC ကတ်ကတော့ ယခုနှစ်ဆန်းပိုင်းကစလို့ ပြန်လည်ဝင်ရောက်လာမယ့်သူတွေကို စတင်ထုတ်ပေးတာလို့ သိရပါတယ်။

ဒါပေမဲ့ အခုအငြင်းပွားစရာတွေဖြစ်လာနေတဲ့ကိစ္စက ဒီကတ်တွေထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခြင်းအပေါ်မှာမဟုတ်ဘဲ ဒီကတ်ကိုင်ဆောင်ထားသူဟာ Freedom Of Movement လို့ဆိုတဲ့ လွတ်လပ်စွာ သွားလာခွင့်အတွက် မြန်မာပြည်အတွင်းမှာ သူကြိုက်တဲ့နေရာကို သွားလာခွင့်ပြုမယ့်ကိစ္စအပေါ်မှာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ကန့်ကွက်ပြောဆိုနေကြတဲ့ပြဿနာသာ ဖြစ်ပါတယ်။ ဒီအပေါ် ဧပြီလ ၁၉ ရက်နေ့ကကျင်းပတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီကတ်ရရှိတဲ့သူအပေါ် လွတ်လပ်စွာသွားလာခွင့်ပြုမယ်၊ ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးနဲ့လည်း တိုင်ပင်ပြီးဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့တာပါ။ ဒါပေမဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြားခဲ့တာတွေနဲ့တော့ ကွဲလွဲနေတယ်ဆိုပြီးတော့လည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒီလိုတစ်နိုင်ငံလုံးကို လွတ်လပ်စွာသွားလာခွင့်ပေးခဲ့ရင် ပြည်တွင်းက မြို့ကြီးတွေမှာ ယခုထက်ပိုမိုဖောင်းပွလာပြီး စိုးရိမ်စရာဖြစ်လာမယ်၊ နိုင်ငံမငြိမ်မသက်ဖြစ်လာနိုင်တယ်လို့ လှုံ့ဆော်မှုတွေ ပြုလုပ်ကြပြီး ဒီအပေါ် ကန့်ကွက်မယ့် ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ကြမယ်ဆိုတဲ့အသံတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။ တကယ်တော့လည်း ဒီ NVC ကတ်ရတဲ့သူ အနေနဲ့သာ နိုင်ငံအတွင်းမှာ လွတ်လပ်စွာသွားလာခွင့်ရသွားမယ်၊ ရသွားရင် အပေါ်ကလို စိုးရိမ်စရာတွေ ဖြစ်လာမယ်လို့သာ ဆိုခဲ့ကြပေမယ့် ဒီကတ်ကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်နေကြတဲ့ ၉ သိန်းကျော် တစ်သန်းခန့်ရှိတဲ့သူတွေက လက်ခံကြသလား၊ လက်မခံကြဘူးလား ဆိုတာကိုတော့ မဆန်းစစ်ခဲ့ကြဘူးလို့ အစိုးရနဲ့နီးစပ်တဲ့ တစ်ဖက်က တစ်ဖန်ဆိုထားပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရဘက်က ပုံစံချမှတ်ပေးတဲ့ ကနဦးဖောင်တွေကိုတောင် သူတို့အလွယ်တကူလာရောက်မဖြည့်သွင်းနိုင်တာ၊ ထိုသူတွေထံမှာ မျိုးရိုးစဉ်ဆက်မှတ်တမ်းတွေ မရှိတာ၊ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ လုံးဝမပြနိုင်တာတွေကြောင့်သာဖြစ်ပြီး အသေချာဆုံးပြောနိုင်တာတစ်ခုကတော့ အဲ့ဒုက္ခသည်စခန်းကသူအများစုဟာ မြန်မာပြည်ဖွားတွေ အားလုံးမဟုတ်ကြဘူး ဆိုတာပါပဲလို့ သတင်းတွေမှာ ဖတ်ရပါတယ်။

အမှန်ဆို သူတို့လိုချင်တာက ARSA အစွန်းရောက်အကြမ်းဖက်သမားတွေ စည်းရုံးထားတဲ့ RoHinGya လွတ်မြောက်နယ်မြေထူထောင်ဖို့အတွက်သာ နယ်မြေတစ်ခုထူထောင်ဖို့အတွက်သာ နယ်မြေတစ်ခု အတင်းအကျပ်သတ်မှတ်ပြီးရယူဖို့သာ အစီအစဉ်တွေရှိနေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်သာ အမှန်တကယ် မြန်မာနိုင်ငံရဲ့နယ်မြေ ရခိုင်ပြည်မြောက်ဖျားက ဒီမောင်တောဒေသတစ်ဝိုက်မှာသာ အမှန်တကယ် နေထိုင်ခဲ့ပြီး မြန်မာပြည်ဖွား၊ မြန်မာ့ရေကိုသောက်ပြီး မြန်မာ့မြေပေါ်မှာ ကြီးခဲ့သူတွေကိုတော့ အသေအချာစိစစ်ပြီး အခုလို NVC ကတ်ထုတ်ပေးမယ်၊ သူတို့ကိုလည်း သင့်ရာနေရာမှာ နိုင်ငံတော်က စောင့်ရှောက်မယ်၊ သူတို့အကျိုးကိုလည်း ကြည့်ပေးမယ်ဆိုတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဋ္ဌာန်းချက်လမ်းကြောင်းနဲ့ အခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးဆိုတာတွေအပေါ် စနစ်တကျအသေအချာ စိစစ်ဆောင်ရွက်လိုက်ရင် အခုအခြေအနေမျိုးမှာ သူတို့လိုချင်တဲ့ဘက်ကို ဇောင်းပေးပြီးပုံဖော်တောင်းဆိုနေကြတဲ့ကိစ္စဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို အလိုအလျောက် အောင်အောင်မြင်မြင်နဲ့ ကျော်လွားသွားနိုင်မယ်လို့ အစိုးရဘက်က စီစဉ်နေတာလို့ ဆိုပါတယ်။ အမှန်တကယ်သာ ၁၉၈၂ ခုနှစ်ဥပဒေနဲ့ စိစစ်လိုက်ရင် NVC ကတ် ရမယ့်သူအရေအတွက်ဟာ အလွန်အမင်း နည်းပါးလိမ့်မယ်ဆိုတာလည်း ခန့်မှန်းနိုင်ကြမိလိမ့်မယ်ထင်ပါတယ်။

အစိုးရရဲ့လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် (National Verification Process) အရ အဆင့်လိုက်ဆောင်ရွက်ကြရမယ့်လုပ်ငန်းတွေ ပြီးဆုံးတဲ့အခါ နိုင်ငံသားဖြစ်ခွင့်ရသူသာ မြန်မာနိုင်ငံအတွင်းကို ပြန်လည်အခြေချခွင့်ရမှာဖြစ်ပြီး စိစစ်မှုအရ မမှန်ကန်တဲ့သူတွေအနေနဲ့တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားအရပ်က စုတ်စုတ်ပြတ်ပြတ်ဖြစ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာပဲ ပြည်ပနိုင်ငံတွေက လှူသမျှထိုင်စားပြီး တစ်သက်လုံးနေသွားကြရတော့မှာပါ။ မြန်မာနိုင်ငံဖွားအဖြစ် စိစစ်မှုမခံနိုင်တဲ့သူတွေအတွက်တော့ နိုင်ငံတကာရဲ့ဖိအားလည်း လျော့ကျသွားစေမယ့်အပြင် စည်းမျဉ်းစည်းကမ်းတွေအရ မြန်မာနိုင်ငံအနေနဲ့ ပြတ်ပြတ်သားသားလည်းရပ်တည်လို့ရပြီလို့ ဆိုပါတယ်။ ဒါ့အပြင် NVC ကတ် ရရှိထားတဲ့သူတွေအထဲကတောင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ စိစစ်လိုက်တဲ့အခါ အကျုံးမဝင်သူတွေကို ငြင်းပယ်လိုက်ရင် အခုဖြစ်နေတဲ့ ရခိုင်ဘင်္ဂါလီပြဿနာဟာလည်း သူ့အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားနိုင်တယ်လို့လည်း သိရပါတယ်။

အမှန်တကယ်လည်း လက်တွေ့မှာ အခုအချိန်ဆောင်ရွက်နေကြတဲ့အခါ NVC ကတ် ထုတ်ပေးနိုင်တဲ့အရေအတွက်ဟာ နည်းနည်းပါးပါးသာဖြစ်ခဲ့ပြီး တစ်ဖက်နိုင်ငံက ပေးပို့ခဲ့တယ်ဆိုတဲ့ လူဦးရေ ၈၀၃၂ ယောက်ရဲ့ အချက်အလက်တွေကိုလည်း စိစစ်မှုလုပ်ငန်းစဉ်အရ သတ်မှတ်ချက်နဲ့ မပြည့်စုံတာမို့ အကုန်လက်မခံခဲ့ဘူးလို့ ဒေါက်တာဝင်းမြတ်အေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာကိုလည်း ကြားမိကြမှာပါ။ ဒီအပေါ် ကြားကနေပြီး နိုင်ငံ့အရေးကိုလေ့လာနေသူတွေရဲ့ အဆိုအရတော့ ၁၉၈၈ ခုနှစ်လောက်ကစပြီး ယခင်အစိုးရသက်တမ်း ၂၀၁၅ ကုန်အထိ ၂၇ နှစ် တာကာလအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြားကို တရားမဝင် စိမ့်ဝင်ပျံ့နှံ့ရောက်ရှိလာပြီး ဌာနဆိုင်ရာများရဲ့ အဂတိလိုက်စားမှုနဲ့ တရားဝင်နိုင်ငံသားဖြစ်အောင် နည်းမျိုးစုံနဲ့ဖန်တီးပြီး ယခုလက်ရှိနေထိုင်နေသူရဲ့ အရေအတွက်ဟာ အခု NVC ကတ်ရလို့ ခရီးသွားလာနိုင်မယ့်သူအရေအတွက်ထက် အဆပေါင်းများစွာ သာနေတာကို တွေ့ရတယ်လို့ ဆိုခဲ့ကြသလို ဘယ်သူဘယ်ဝါ ဘယ်ကာလကလို့ဆိုတဲ့ အပြစ်တင်မှုတွေနဲ့ အချင်းချင်း မညီမညွှတ်မှုတွေနဲ့ အချိန်တွေဖြုန်းနေမယ့်အစား အစိုးရအနေနဲ့သာ နိုင်ငံတော်လုံခြုံရေးကို သတိထားစီမံသင့်တယ်၊ နိုင်ငံသားအားလုံးအနေနဲ့လည်း အခုပြောတဲ့အချက်တွေကို အသေအချာ နားလည်ထားသင့်တယ်၊ သူများယောင်လို့သာ ယောင်နေတာ၊ အမောင်တောင်မှန်းမြောက်မှန်း မသိကြဘူးဆိုတာမျိုးတွေ မဖြစ်သင့်ကြဘူးလို့ ဆိုထားတာ မြင်ရပါတယ်။

တစ်ဖက်ကကြည့်ရင်လည်း အစိုးရအနေနဲ့ အခုလို စိစစ်ပြီးလက်ခံတာ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ မျက်စိစုံမှိတ်ပြီး ငြင်းဆန်နေတာ၊ ကိုယ့်ခြံစည်းရိုးကိုပဲ ကိုယ်လုံအောင်ကာပြီး တစ်ဖက်နိုင်ငံထဲမှာ ယခုရှိတဲ့သူတစ်သန်းခန့်ထဲက အမှန်တကယ် နိုင်ငံသားဖြစ်သင့်တဲ့သူတွေကို စနစ်တကျပြန်လည်ရွေးထုတ် စိစစ်လက်ခံတာတွေ မလုပ်ဘူးဆိုရင် နိုင်ငံတကာရဲ့ဖိအားဟာ ပိုမိုပြင်းထန်လာနိုင်ပြီး ရခိုင်ဒေသဟာ မငြိမ်းချမ်းခြင်း သံသရာအကြားမှာ လူ့အသက် ၃-၄ ဆက်ခန့်ရှိတဲ့အချိန်အထိ ဒီအတိုင်းဆက်သွားကြပါလိမ့်မယ်။ ဒီအတွက်နိဂုံးချုပ်သုံးသပ်ရရင် ဒီကိစ္စဟာ နောင်လာမယ့် အစိုးရအဆက်ဆက်အတွက်လည်း ဖြတ်မျဉ်းတစ်ကြောင်းဖြစ်လာနိုင်သလို တစ်ဖက်ကလည်း နယ်မြေပြန်လုတဲ့စစ်ပွဲတွေ၊ အခြားနိုင်ငံတကာကအကူအညီနဲ့ အင်အားကြီးထွားလာနိုင်တာတွေ၊ ဒီအပေါ် နိုင်ငံတကာက ပါဝင်စွက်ဖက်မှုတွေအကြားမှာ ယခင်ကမ္ဘာ့သမိုင်းမှာ ဖြစ်ခဲ့ဖူးတဲ့ ကက်ရှ်မီးယား၊ အရှေ့ပါကစ္စတန်၊ ကိုဆိုဗိုပုံစံလိုမျိုး မိမိနိုင်ငံနယ်နိမိတ်က ပဲ့ထွက်သွားနိုင်တာမို့ နိုင်ငံသားအားလုံးက သတိဝီရိယထားပြီး အခုအစိုးရလုပ်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်အားပေးတာ၊ အားနည်းချက်တွေကို ထောက်ပြအကြံပေးတာမျိုးတွေနဲ့သာ ရှေ့ဆက်သွားသင့်ကြပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ဗျာ။

အောင်ဇေယျ



FOLLOW US