News

25-Jun-2017

NLD
ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည် သုံးသပ်မှုများ ပြုလုပ်နေဟု ဦးဝင်းထိန်ဆို၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို ပါတီကော်မတီဖွဲ့စည်း၍ အကဲဖြတ်မည်
ရန်ကုန်၊ ဇွန် ၂၅

ပြည်ထောင်စုအဆင့် အစိုးရတာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်နေကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။

ဇွန်လ ၂၅ ရက်နေ့၌  ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးတွင် ပြုလုပ်သည့် ဗဟိုကော်မတီ သတ္တမအကြိမ်မြောက် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

“ပြည်ထောင်စုအဆင့် အစိုးရကိုတော့ ဒေါ်အောင်ဆန်းစုကြည် သုံးသပ်ပြီးတော့ ဆောင်ရွက်ပါတယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီး ဒုဝန်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြီး သူကိုယ်တိုင် ဆုံးဖြတ်မှာဖြစ်တယ်”ဟု ဦးဝင်းထိန်က ပြောကြားသည်။

ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၏ ဆောင်ရွက်ချက်များကို သုံးသပ်နိုင်ရန် NLD ပါတီမှ လေ့လာသုံးသပ်အကဲဖြတ် ကော်မတီကို ယခုပါတီ ညီလာခံ၌ ဖွဲ့စည်းခဲ့သည်။

“လေ့လာသုံးသပ် အကဲဖြတ် ကော်မတီရဲ့ တွေ့ရှိချက်တွေကိုတော့ အပြင်မှာ ထုတ်ပြောသွားမှာ မဟုတ်ဘူး။ ပါတီ CEC ကိုပဲ တင်ပြသွားမှာပါ”ဟု ဦးဝင်းထိန်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ခြင်းများ ကဏ္ဍနှစ်ခုအတွက် အရေးယူ ဆောင်ရွက်ရန် အမှု ၂၀ ကျော်ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမ-ဗဟိုကော်မတီ အစည်းအဝေးကို ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၏ ဝန်ကြီးချုပ်များ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင် စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေး ဆုံးဖြတ်ချက်များအဖြစ် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ (ဒုတိယအကြိမ် ပင်လုံ ညီလာခံ၌ သဘောတူညီ ဆုံးဖြတ်ချက် ချခဲ့သော ပြည်ထောင်စု သဘော တူညီချက် (၃၇) ချက်) ကို ထောက်ခံကြောင်း သဘောတူညီမှုရရှိပြီး ပါတီတွင်း အဆင့်ဆင့် လိုအပ်သည့် ရေးရာကော်မတီများကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှတစ်ဆင့် သိရသည်။

ထို့ပြင် ပါတီတွင်း နိုင်ငံရေးအဆင့် မြှင့်သင်တန်းများ ဖွင့်လှစ်ခြင်း၊ လိုအပ်သော စည်းရုံးရေးအဖွဲ့များကို ယာယီစည်းရုံးရေး ကော်မတီအဖြစ် ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ၇ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှတစ်ဆင့် သိရသည်။

J-09

  • VIA


FOLLOW US