News

10-Jun-2017

စီးပွားရေး NLD
တန်ဆေးလွန်ဘေး စီးပွားရေး ဖက်ဒရယ်
ဖက်ဒရယ်စနစ်သည် နာမည်ကြားရန်ပင် ခဲယဉ်းခဲ့သည့်အခြေမှ ယနေ့အခါတွင် ဒီမိုကရေစီဟူသော စကားလုံးလောက်နီးနီးပင် ခေတ်စားလာသည်။ အနာဂတ် မြန်မာနိုင်ငံတော်ကိုလည်း ဖက်ဒရယ်စနစ်အတိုင်း သွားမည်ဟု အရေးကြီး သက်ဆိုင်သူ အားလုံးလိုလိုက သဘောတူထားကြသည်။ သို့သော် ဖက်ဒရယ်စနစ်တွင် နိုင်ငံရေးကိုသာ အပြောများကြပြီး စီးပွားရေးကို မပြောကြသလောက် ဖြစ်သည်။

ဖက်ဒရယ်နိုင်ငံများ ဖိုရမ်အဖွဲ့နှင့် မြန်မာ့ငြိမ်းချမ်းရေးတွင် ဦးဆောင်ပါဝင်ဆွေးနွေးနေကြသူများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်ဆွေးနွေးပွဲကို ကနေဒါတွင် ကျင်းပနေပြီး ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ကနေဒါ ခရီးစဉ်အတွင်း တက်ရောက်သည်ကို ကြားသိရသဖြင့် ဝမ်းသာရသည်။

စာရေးသူအနေနှင့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် စီးပွားရေးကဏ္ဍအတွက် ‘ပါဝင်သင့် ပါဝင်ထိုက်သူ’ ကိုယ်စားလှယ်အဖြစ် အစိုးရက ဖိတ်ကြားခဲ့သည့်အတွက် စီးပွားရေးကဏ္ဍတွင် ပါဝင်ဆွေးနွေးခဲ့သည်။ ထိုကဏ္ဍတွင် ဖက်ဒရယ်စနစ်နှင့် စီးပွားရေးအကြောင်း ဆွေးနွေးချက်များ ပါဝင်လာရာ အခြားကိုယ်စားလှယ်များ၏ အမြင်များကိုလည်း နားထောင်ခွင့် ရခဲ့သည်။ ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းများအကြား ဘဏ္ဍာငွေနှင့် အခွန်ငွေများ ခွဲဝေကောက်ခံခြင်း၊ စီးပွားရေး လုပ်ပိုင်ခွင့်များ ခွဲဝေခြင်းတို့သည် ဖက်ဒရယ် စီးပွားရေးဆိုင်ရာ သဘောတရားများ ဖြစ်ပြီး  ညီလာခံတွင်လည်း သဘောတူခဲ့ကြသောမူများ ဖြစ်သည်။ သဘောမတူစရာလည်း မရှိလှဘဲ ထိုရည်မှန်းချက်များ ရောက်အောင် မည်သို့ လုပ်ဆောင်မည်ကိုသာ ဆွေးနွေးခဲ့ကြရသည်။ 

ဖက်ဒရယ်စနစ်တွင် ယေဘုယျအားဖြင့် ပြည်နယ်/တိုင်းများနှင့် ပြည်ထောင်စုတို့အကြား အခြေခံဥပဒေအရ အာဏာခွဲဝေ ကျင့်သုံးကြသည်။ ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်၊ အုပ်ချုပ်ရေးမဏ္ဍိုင် အစိုးရနှင့် တရားစီရင်ရေးမဏ္ဍိုင် တရားရုံးများတို့ အလျားလိုက် ဘေးတိုက်အာဏာ ခွဲဝေသကဲ့သို့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်း အစိုးရတို့ အထက်၊ အောက် ဒေါင်လိုက် အာဏာခွဲဝေကျင့်သုံးခြင်းဟုလည်း ဆိုနိုင်သည်။ အာဏာကို ဗဟိုက ချုပ်ကိုင်ထားခြင်း (Centralized) မျိုး မဟုတ်ဘဲ ဖြန့်ခွဲထားခြင်း (Decentralized) လည်း ဖြစ်သည်။ အာဏာကို ဖြန့်ခွဲကျင့်သုံးခြင်းသည် ယနေ့ကမ္ဘာတွင် ခေတ်စားသော စီမံခန့်ခွဲမှုဟန်ပန် ဖြစ်လာသည့်အတွက် တစ်ပြည်ထောင်စနစ် ကျင့်သုံးသောနိုင်ငံများ Unitary States တွင်ပင် ကျင့်သုံးလာကြရာ ဖက်ဒရယ်စနစ် ကျင့်သုံးသော ပြည်ထောင်စုနိုင်ငံများ Federal State နှင့်ပင် ရုတ်တရက်ကြည့်လျှင် ဆင်တူလာကြသည်။ အာဏာကို တစ်နေရာတည်းတွင် မထားခြင်းကြောင့် ခြစားရန် ခဲယဉ်းသည်၊ ပြည်နယ်/တိုင်း အစိုးရနှင့် ပြည်ထောင်စုအကြား အပြန်အလှန်ထိန်းညှိသည့် အတွက် အာဏာအလွဲသုံးရန် ခဲယဉ်းသည်ဟု ယူဆချက် ရှိသည်။ 

ဖက်ဒရယ်စနစ်တွင် အရေးကြီးသည့် နောက်ယူဆချက်မှာ Local Knowledge ခေါ် ဒေသအကြောင်း သက်ဆိုင်ရာဒေသက  ပိုသိသည်ဟူသော ယူဆချက်ဖြစ်သည်။ ပြည်ထောင်စုအစိုးရထက်စာလျှင်  ဒေသအစိုးရ၊ ပြည်နယ်/တိုင်းအစိုးရသည် ကိုယ့်ပြည်နယ်/တိုင်း အကြောင်း ပိုသိသည့်အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်း လိုအပ်ချက်ကို ထိထိရောက်ရောက် ပိုဆောင်ရွက်နိုင်မည်။ ထို့ကြောင့် ပြည်ထောင်စုအစိုးရ တစ်ရပ်တည်း ရှိရုံနှင့် မလုံလောက်ဘဲ ပြည်နယ်/တိုင်း အစိုးရများသည် ပြည်ထောင်စုအစိုးရနှင့် အာဏာခွဲဝေ ကျင့်သုံးကြသည်။ 

နောက်တစ်ချက်။ ဒေသအသီးသီးရှိ Elite ခေါ် ထိပ်သီးပုဂ္ဂိုလ်များသည်  ယင်းတို့သက်ဆိုင်ရာ ဒေသများကို အုပ်ချုပ်လိုကြသည်။ သူတို့အုပ်ချုပ်လျှင် ဒေသပိုတိုးတက်မည်ဟု ယူဆကြသည်။ သို့မဟုတ်က ယင်းတို့အလိုနှင့် ထပ်တူကျသောသူများကို အုပ်ချုပ်စေလိုသည်။ ထိုအခါမျိုးတွင် တင်းမာမှုများကို မဖြစ်ပေါ်စေဘဲ ယင်းတို့၏ သဘောဆန္ဒနှင့်လည်း အဆင်ပြေစေမည့် နည်းလမ်းများကို ရှာရာတွင် ဖက်ဒရယ်စနစ်သည် အသုံးဝင်သည်။

ပြန်လည်ခွဲဝေခြင်း

ဖက်ဒရယ်စနစ်တွင် ပြန်လည်ခွဲဝေခြင်းသည်လည်း အဓိကကျသော သဘောတရား ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ပြည်နယ်/တိုင်းများမှ ရသော ဝင်ငွေများ၊ ဥစ္စာဓနများကို ပြည်ထောင်စုက စုစည်းပြီး ပြန်လည်ခွဲဝေပေးသည်။ ဖွံ့ဖြိုးမှု လိုအပ်ချက်မြင့်သော ဒေသများ၊ ဆင်းရဲဒေသများ၊ ဒေသငယ်များသည် ပြန်လည်ခွဲဝေပေးခြင်းမှ အကျိုးခံစားရသည်။

ဘုံအကျိုးစီးပွားနှင့် သစ်ပင်တောအုပ်

ဖက်ဒရယ်စနစ်တွင် ပြည်နယ်/တိုင်းအသီးသီးမှ အစိုးရများသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်းများ အကျိုးကို ကြည့်မည် ဖြစ်သော်လည်း ပြည်နယ်/တိုင်းများအားလုံး၏ ဘုံအကျိုးကိုကြည့်ရန် ခဲယဉ်းမည် ဖြစ်သည်။ တောတွင်းမှ သစ်ပင်တစ်ပင်ကို အာရုံစိုက်လိုက်လျှင် ထိုသစ်ပင် အကြောင်းချေးခါးအူမ သိနိုင်သော်လည်း တောအုပ်ကို မြင်နိုင်တော့မည် မဟုတ်။ တောအုပ်ကြီးပွားမှသာ သစ်ပင်တစ်ပင်ချင်းစီလည်း တည်တံ့မည်ဖြစ်ရာ တောအုပ်အမြင်မျိုး အပေါ်စီးမှ ကြည့်နိုင်သူ လိုလာသည်။ တစ်နိုင်ငံလုံးကို အပေါ်စီးမှမြင်ပြီး တစ်နိုင်ငံလုံး အကျိုးကို ဆောင်ရမည်မှာ ပြည်ထောင်စုအစိုးရ Federal Government၊ Union Government ဖြစ်သည်။

အချို့ဒေသကြီးများတွင် ‘နိုင်ငံအစိုးရများ အဆင့်ထက်ပင် ကျော်လွန်ပြီး ဒေသကြီး တစ်ခုလုံးရှိ နိုင်ငံအားလုံး၏ အကျိုးစီးပွားကို ကြည့်နိုင်မည့် အစိုးရတစ်ရပ်’ supra-national state ကိုပင် ဖွဲ့စည်းလာကြသည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံများ ဖြစ်လျက်နှင့်ပင် ဒေသတွင်း နိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကြည့်ရှုဖော်ဆောင်မည့် အစိုးရတစ်ရပ် ရှိလျှင် သက်ဆိုင်ရာနိုင်ငံများ အကျိုးပိုရနိုင်သည်ဟု တွက်ကာ ဥရောပသမဂ္ဂကို ဖော်ဆောင်ခဲ့ကြသည်။ 

ဖက်ဒရယ်စနစ်တွင် စီးပွားရေးကို မုန့်ဖြင့် တင်စားနိုင်သည်။ ထိုမုန့်ကို ပြည်နယ်/တိုင်းများအကြားနှင့် ပြည်နယ်/တိုင်းများနှင့် ပြည်ထောင်စုအကြား ခွဲဝေကြခြင်း ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တက်ခဲ့သော ငြိမ်းချမ်းရေးညီလာခံ အရရော၊ ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် တက်ခဲ့သည့် ငြိမ်းချမ်းရေး ညီလာခံ အရရော တွက်ကြည့်လျှင် စီးပွားရေးတည်း ဟူသော မုန့်ကြီးကို ခွဲဝေရေးသာ အဓိကထား ဆွေးနွေးကြပြီး ထိုမုန့်ကြီးလာအောင် မည်သို့ တည်ဆောက်ရမည် ဆိုသောဘက်ကို စဉ်းစားခြင်းနည်းနေသည်။ မုန့်သေးသေးတစ်ယှက်ကို ခွဲလျှင်  ဆယ်ပုံတစ်ပုံရသူသည် မုန့်ကြီးကြီးတစ်ယှက်ကို ခွဲလိုက်လျှင် ဆယ်ပုံတစ်ပုံရသူနှင့် အဆပေါင်းများစွာ ကွာသွားခြင်းကို ကြည့်လျှင် ဘုံအကျိုးစီးပွား ဖြစ်သော မုန့်ကိုကြီးအောင် ဆောင်ရွက်ရန် အလွန်အရေးကြီးမှန်း သိသာသည်။ 

ခွဲဝေရာတွင် ပြည်ထောင်စုအစိုးရကို ဝေစုကြီးကြီးရစေလိုသူများ ရှိသလို ပြည်နယ်/တိုင်းများကို ဝေစုပိုပေးလိုသူများလည်း တွေ့ရသည်။ အကျိုးအပြစ် နှစ်ခုစလုံးတွင် ရှိပါသည်။ ပြည်ထောင်စု အစိုးရတွင်သာ အများစု ရောက်နေလျှင် တစ်ပြည်ထောင်စနစ်ဘက် Unitary State ဆန်ဆန် မြင်ရမည်။ ပြည်နယ်/တိုင်းများဘက်သို့ ဝစုပိုပါသွားပြန်လျှင်လည်း ကိုယ်ရကိုယ်ယူစနစ် ဆန်သွားပြီး ဆင်းရဲပြည်နယ်များ၊ ပြည်နယ်ငယ်များသည် ရနေကျထက် ဝေစုနည်းသွားစရာ ရှိသည်။ ထိုအခါတွင်  ဖက်ဒရယ်စနစ်ကြောင့် နဂိုရှိရင်းစွဲထက် အလုံးအရပ် လျော့သွားသည့် ပြည်နယ်များ ပေါ်လာမည် ဖြစ်သည်။

Competition and Cooperation

မိမိတို့ ပြည်နယ်/တိုင်းသို့ ရင်းနှီးမြှုပ်နှံမှုများ လာရောက်စေရေး၊  စီးပွားရေး ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် အပြိုင်အဆိုင် ဆောင်ရွက်ခြင်းဖြင့် ဒေသအားလုံး၏ စီးပွားရေး တိုးတက်လာမည်ဟု ဖက်ဒရယ်စနစ်က ယူဆထားသည်။ အသင့်အတင့် ပြိုင်ဆိုင်မှုသည် ကောင်းမွန်သော်လည်း အလွန်အမင်း ပြိုင်ဆိုင်လျှင် ultra-competition မူ အကျိုးယုတ်စေနိုင်သည်။ ဥပမာ - နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်စေချင်ဇောဖြင့် အပြိုင်အဆိုင် အခွန်များ လျှော့ချလျှင် နောက်ဆုံး ပြည်နယ်/တိုင်းအားလုံး ဘာမျှမရဘဲပင် ဖြစ်သွားနိုင်သည်။ ယင်းတွင် ပြည်ထောင်စုအစိုးရ Federal Government ၏ အခန်းဝင်လာပြီ။ စီးပွားရေး အကျိုးအမြတ်ကို အမြင့်ဆုံး ခံစားရအောင် ပြည်နယ်/တိုင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရက တာဝန်ယူနိုင်သည် cooperation။

ဖက်ဒရယ်စနစ်၏ ကောင်းကျိုးအဖြစ် အစိုးရသည် ဆုံးဖြတ်ချက် ချရာတွင် ထိရောက်မြန်ဆန်လာမည်ဟု ယူဆသည်။ ဆုံးဖြတ်ချက် ချရာတွင် ပြည်နယ်/တိုင်း အစိုးရများရော ပြည်ထောင်စုအစိုးရများ ပါဝင်ဆုံးဖြတ်သည့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်များ ချနိုင်သောကြောင့်  ရလဒ်များသည် ဈေးသက်သာသည်၊ မြန်ဆန်သည်၊ အကျိုးရှိသည်ဟု  ယူဆထားခြင်း။ လက်တွေ့တွင် ပြည်နယ်/တိုင်းအစိုးရများ အချင်းချင်းသော် လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်းအစိုးရများ အကြားသော် လည်းကောင်း အပြိုင်အဆိုင်ဖြစ်နေလျှင် ဆုံးဖြတ်ချက်များသည် အချိန်၊ ငွေကြေးအရ ပိုအကုန်အကျ များနိုင်ပြီး ထိရောက်မှုလည်း အားနည်းနိုင်သည်။ လူနှစ်ယောက် ဆုံးဖြတ်ချက်ချရမည့် နေရာတွင်  လူလေးငါးယောက် ဆုံးဖြတ်နေခြင်းကြောင့် စရိတ်ကြီးလာခြင်းမျိုး၊ မထိရောက်ခြင်းမျိုး။ 

အခွန်ကောက်ခံရာတွင်လည်း အခွန်ထမ်းတစ်ရပ်တည်းကို အစိုးရ နှစ်ရပ်က ကောက်ခံနေလျှင် ထိရောက်မည်လား စသော စဉ်းစားစရာများ ဖြစ်သည်။

ဖက်ဒရယ်စနစ်သည် အခြားသော အရာများကဲ့သို့ပင် အကျိုးလည်း ရှိသလို အဆိုးလည်း ရှိသည်။ ဖက်ဒရယ်စနစ်သည် မြန်မာ့စီးပွားရေးအတွက်၊ မြန်မာနိုင်ငံအတွက် ကောင်းမွန်သည်ဟု ယေဘုယျ ဆိုနိုင်သည်။ သို့သော် ‘သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး’။ 

ဇေယျသူ



FOLLOW US