22-May-2017

NLD
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းနှင့် တွေ့ဆုံခြင်း
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဒေသတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဆိုင်ကယ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြင့် ဒဏ်ကြေးပေးဆောင်စေကာ မေလ ၁၁ ရက်နေ့မှ စတင်၍ လိုင်စင်လုပ်ပေးလျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အဆိုပါ ညွှန်ကြားချက်သည် ပြဋ္ဌာန်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ လွှတ်တော်အတွင်း ဖြေကြားထားချက်များနှင့်လည်း ဆန့်ကျင်နေသည့်အပေါ် မကွေးတိုင်းဒေသကြီး အမှတ် (၅) မဲဆန္ဒနယ်မြေမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : မကွေးတိုင်း ကညနရုံးမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို MGY အက္ခရာနဲ့ ဒေသတွင်း လိုင်စင်ချထားပေးမှု အပေါ်မှာ အစ်ကိုရဲ့ မကျေနပ်ချက်အချို့ကို လူမှုကွန်ရက်တွေမှာ Share ထားကြတာ အများကြီး တွေ့ရပါတယ်။ ဘယ်လိုကြောင့် အခုလို ပြောဖြစ်ရတယ် ဆိုတာလေး ရှင်းပြပေးပါ။

UTAH : ကျွန်တော် အခုပြောနေတာတွေဟာ အလဟဿ ပြောနေတာ မဟုတ်ဘူး။ အမျိုးသားလွှတ်တော်မှာ စက်တပ်ယာဉ်နဲ့ ပတ်သက်ပြီး လိုင်စင်လုပ်ပေးဖို့ အစီအစဉ် ရှိ မရှိဆိုတဲ့ မေးခွန်းကို ကယားပြည်နယ် ပြည်ခိုင်ဖြိုးအမတ်ရဲ့ တင်ပြဆွေးနွေးချက်ကို ပြည်ထောင်စုဝန်ကြီးက ဖြေဆိုထားတာရှိတယ်။ လိုင်စင်လုပ်ပေးဖို့ အစီအစဉ် မရှိကြောင်း၊ ဒီလိုလိုင်စင်မဲ့ စက်တပ်ယာဉ်တွေကို ပြတ်ပြတ်သားသား အရေးယူဖို့လုပ်မယ် ဆိုပြီး ဖြေခဲ့တယ်။ ၁၉၄၇ ခုနှစ် ပို့ကုန်သွင်းကုန် ယာယီကို ဖျက်သိမ်းပြီး သွင်းကုန်ထုတ်ကုန် ဥပဒေအသစ်နဲ့ ပြဋ္ဌာန်းထားတဲ့အတိုင်း မှတ်ပုံမတင်တဲ့ မည်သည့်စက်တပ်ယာဉ်မျိုးကိုမဆို အများသူငါသွားတဲ့ လမ်းတွေပေါ်မှာ စီးနင်းခွင့်မရှိဘူး ဆိုတာ အတိအလင်း ပြဋ္ဌာန်းထားပြီးသားပါ။ အရေးယူဖို့ လုပ်ပြီဆိုတာနဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) နဲ့ အမှုဖွင့်မယ်။ ပစ္စည်းကို ပြည်သူပိုင် သိမ်းမယ်။ လူကို ဒဏ်ငွေတပ်မယ်။ ထောင်ချမယ်။ ဒီလိုဆိုထားတယ်။

ဒီတော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ပြည်ထောင်စုဝန်ကြီးက အတိအလင်း ပြောထားတယ်။ အခု ဒေသတွင်းဆိုင်ရာ အစိုးရရဲ့ ညွှန်ကြားချက်အရ ဆိုပြီး လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်လုပ်မယ်ဆိုပြီး ပဲခူးတိုင်းက စလာတယ်။ ပဲခူးတိုင်းက မစခင်ကတည်းက မကွေးတိုင်း အစိုးရအဖွဲ့ဘက်က အသံတွေ ထွက်လာတယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်နဲ့ ပြောရရင် ကိုယ့်ပြည်ထောင်စုအစိုးရက လွှတ်တော်မှာ ဖြေထားတဲ့အဖြေကို ဒေသတွင်း အစိုးရတွေက တစ်ထပ်တည်းပဲ လိုက်နာသင့်တယ်လို့ မြင်တယ်။

Voice : အခုဆို မကွေးတိုင်း ကညနရုံးမှာ လိုင်စင်လုပ်ပေးနေတာ နှစ်ရက်တောင် ရှိနေပြီ။ ပြည်ထောင်စုဝန်ကြီးက ပြောတယ် ဆိုသော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်အရ လုပ်ပေးနေရတယ်လို့ တိုင်းကညနရုံးက ဖြေထားတယ်။ အဲအပေါ် ဘယ်လိုမြင်မိလဲ။ 

UTAH : ပြည်ထောင်စုဝန်ကြီး ပြောတာတွေသည် ဥပဒေအရ ပြောတာပါ။ ကျွန်တော်တို့က ကြိုဆိုတယ်။ ဒီအတိုင်းပဲ ဖြစ်သင့်တယ်။ ဖြစ်လာသမျှ အခက်အခဲတွေကို ဖြေရှင်းကြဖို့ ကြိုးစားကြရာမှာ ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကလည်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ဖို့ လိုတယ်။

Voice : တိုင်းအစိုးရဘက်ကတော့ အခုလို လိုင်စင်လုပ်ငန်းက ရရှိတဲ့ငွေတွေကို တိုင်းအစိုးရဘတ်ဂျက်ထဲ ဝင်လာမယ်လို့ ပြောထားတယ်။ အခုလိုနည်းနဲ့ မသွားဘဲ အခြားဘယ်လိုနည်းနဲ့ သွားသင့်လဲ။

UTAH : အခုလုပ်နေတဲ့ စနစ်ကို ပြန်ကြည့်လိုက်ပါ။ လိုင်စင်မဲ့ယာဉ်တွေကို လူတွေစီးနေကြတာ အများကြီးပဲ။ ဒါတွေကို လက်ရှိ ဥပဒေက ပြဋ္ဌာန်းထားသလိုပဲ ဖမ်းလိုက်ပါ။ အဲဒီနောက် သက်ဆိုင်ရာက စီမံခန့်ခွဲမှုတွေ ဆက်တိုက်လုပ်ပေးပါ။ အရင်ခေတ်ကလို ဖမ်းထားတဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို တရားရုံးမှာ သက်သေခံအဖြစ်နဲ့ နေပူမိုးရွာ အကြာကြီးထားပြီး စုတ်ပြတ်နေတဲ့အထိ ပစ်စလက်ခတ် ထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ အချိန်နဲ့ တစ်ပြေးညီ ဆုံးဖြတ်။ ပြီးတာနဲ့ တရားရုံးက လေလံတင်။ သက်ဆိုင်ရာက တရားဝင်လိုင်စင် ထုတ်ပေး။ အဲလိုနည်းမျိုးနဲ့ ဥပဒေအတွင်းကနေ အခွန်ဝင်ငွေ ရအောင် ဆောင်ရွက်လို့ ရပါတယ်။ 

Voice : လူအချို့က အခုလိုနည်းနဲ့ သူတို့ရဲ့လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်ချပေးတာကို သဘောကျနေကြတာတွေ ရှိတယ်။ အစ်ကိုပြောသလို ဥပဒေအရ လုပ်မယ်ဆိုရင် ပြည်သူအချို့ အခက်တွေ့စေမယ်လို့ မတွေးမိလို့လား။

UTAH : အဲဒီလိုမျိုး ဥပဒေနဲ့အညီ မဟုတ်ဘဲ တိုင်းအစိုးရက အခွန်ရအောင်လုပ်တဲ့ အခုလိုဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် နည်းတဲ့နှုန်းနဲ့ လုပ်ပေးတာပဲဖြစ် ဖြစ်၊ များတဲ့နှုန်းနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်နေပါစေ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေရတာဟာ ပြည်သူကို ထောင်ချချင်လို့မှ မဟုတ်တာ။ ဥပဒေအတိုင်း မှန်မှန်ကန်ကန် သွားချင်လို့ လုပ်နေကြတာပဲဗျာ။ ဥပဒေအရ ထောင်ဒဏ်ငါးနှစ် ဆိုသော်လည်းပဲ ရုံးတက်ရုံးဆင်း ထောင်ဒဏ်တစ်ရက်နဲ့ ဒဏ်ငွေဘယ်လောက် ဆိုတာမျိုးလည်း ရှိနေတာပဲ။ အရင်တုန်းကလည်း ရှိတယ် အခုလည်း ရှိနေဆဲပါပဲ။ အချို့လည်း တကယ်ထောင်ချတာတွေလည်း ရှိတာပါပဲ။

Voice : အချို့ပြဋ္ဌာန်းဥပဒေတွေဆိုရင် လက်ရှိခေတ်နဲ့ မဆီလျော်တော့တာတွေ ရှိနေတဲ့အကြောင်း  ဝန်ထမ်းအချို့က ပြောကြတယ်။ ဒါတွေကြောင့် အချို့ပြဿနာတွေမှာ နားလည်မှုဆိုတဲ့ ဝေါဟာရက ခေတ်စားနေဆဲ ဖြစ်နေတယ်လို့ ဆိုကြတယ်။

UTAH : ကျွန်တော်ပြောချင်တာက ဘာပဲလုပ်လုပ် ပြဋ္ဌာန်းဥပဒေအတိုင်းပဲ လုပ်သင့်တယ်။ လုပ်လည်းလုပ်စေချင်တယ်။ ပြဋ္ဌာန်းဥပဒေမှာ ခေတ်နဲ့မညီလို့  အားနည်းနေလို့ ဒါမှမဟုတ် အဆင်မပြေတာတွေ ရှိနေခဲ့ရင်လည်း အဲဒီဥပဒေတွေကို အရင်ပြင်ဖို့ လုပ်ကြပါ။  ပိုပြီးစနစ်ကျ ကောင်းမွန်ပြည့်စုံတဲ့ ထိရောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားကြပါလို့ ပြောချင်တယ်။ အခုတော့ တိုင်းဒေသကြီး အခွန်ရဖို့ ဆိုတာလောက်နဲ့ ပြည်ထောင်စုဝန်ကြီး ဖြေထားတဲ့အဖြေကို ပြောင်းပြန်လုပ်တာတော့ သိပ်ပြီးအကျိုးအကြောင်း မဆီလျော်ဘူးလို့ ထင်ပါတယ်။

Voice : အခုလိုင်စင်လုပ်ပေးနေတဲ့ အကြောင်းအရာတွေထဲမှာ အစ်ကိုမကြိုက်တဲ့ အဓိကအချက်က ဘာဖြစ်မလဲ။ 

UTAH : ကျွန်တော်မကြိုက်တဲ့ အဓိကအချက်က ပြည်သူကို ညာနေတာကိုလည်း ကျွန်တော်မကြိုက်ဘူး။ ဆိုင်ကယ်ဦးထုပ် မဆောင်းလို့ တရားရုံးရောက်ပြီ ဆိုတာနဲ့ ကျွန်တော်ဟာ ဘာပဲဖြစ်နေနေ တရားခံ ဖြစ်တော့တာပဲ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် ဘာပဲဖြစ်နေနေ ဒီလိုဖြစ်လို့မှ တရားရုံးရောက်ပြီဆို သူဟာ တရားခံပဲ။ ဒီအဖြစ်ကို ရဲမှတ်တမ်းမှာကအစ  တရားခံမှတ်တမ်း ဝင်သွားတာပဲ။ ဒီအဖြစ်ကို ဂရုမစိုက် သတိမပြုမိကြသူတွေက များတယ်။ အခုလုပ်ပေးနေတဲ့ လိုင်စင်လျှောက်လွှာတွေမှာ လိုင်စင်မဲ့ စက်တပ်ယာဉ်ကို သုံးတဲ့အတွက် အဲဒီဆိုင်ကယ်ပိုင်ရှင်ကို ဖမ်းဆီးအရေးယူ အပြစ်ပေးပြီး ဒဏ်ရိုက်လိုက်တဲ့ သဘောအနေနဲ့ ဖြည့်ပေးရတယ်။ တရားခံအဖြစ် သက်ရောက်သွားတာ။ အမှုကို တစ်ချိန်တည်း အဆုံးအဖြတ် ပေးထားတဲ့ သဘော။ ပြီးခါမှ အဲဒီဖမ်းမိ ဆိုင်ကယ်ကို ဆိုင်ကယ်တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ အခွန်ရုံးရာဖြတ်က ဖြတ်ပေးတဲ့ငွေကြေးကို ဆောင်ပြီး သတ်မှတ်ကြေးနှုန်းများနဲ့ လုပ်ပေးနေတဲ့ သဘောကို သက်ရောက်နေတာပါ။ ခင်ဗျားတို့ကို ကျွန်တော်တို့က အဖမ်းပြထားတာနော်။ ခင်ဗျားတို့ကို တရားခံအဖြစ်နဲ့ သတ်မှတ်ပြီး သိမ်းဆည်း ဒဏ်ငွေရိုက်လိုက်တဲ့ ဒီဆိုင်ကယ်ကို ဒီလိုမျိုးအချက်တွေ ဖြည့်ပြီးမှ လိုင်စင်လုပ်ပေးတာလို့ အဲဒါမျိုး လိုင်စင်လုပ်ဖို့လာတဲ့ ပြည်သူကို ပွင့်ပွင့်လင်းလင်း ရှင်းပြတာမျိုး မရှိဘူး။ 

Voice : အရင်အစိုးရ လက်ထက်ကလည်း ဒီလိုပဲ ဖောင်တွေ ဖြည့်ကြရတာပဲလေ။ လိုင်စင်လုပ်ဖို့လာသူ အချို့က ဒီအပိုင်းကို သိပ်ပြီးဂရုမစိုက်သလိုပါပဲ။ လက်မခံနိုင်စရာ အခြားအချက်တွေ ရှိရင်လည်း ပြောပြပါဦး။

UTAH : ကျွန်တော်လက်မခံနိုင်တဲ့ နောက်တစ်ချက် ရှိတယ်။ ယခင်အစိုးရလက်ထက်က ကြေညာချက်တစ်ခုနဲ့ ၂၀၁၄ မှာ နဝမအကြိမ်မြောက်ဆိုပြီး လိုင်စင် လုပ်ပေးဖူးတယ်။ အဲဒီကြေညာချက်ထဲမှာ လိုင်စင်လုပ်ပေးဖို့အတွက် ဒသမအကြိမ်ဆိုတာ နောက်မရှိတော့ဘူးလို့ တရားဝင် ပြောထားတယ်။ အခုအချိန်မှာ တာဝန်ယူနေတဲ့ အစိုးရက ငါတို့ပြောခဲ့တာ မဟုတ်ဘူးလို့တော့ လာမလုပ်နဲ့။ လက်မခံနိုင်ဘူး။ အရင်အစိုးရရဲ့ ဆောင်ရွက်ချက် ကောင်းမွေဆိုးမွေ မှန်သမျှ နောက်ဆက်တွဲကို ကျွန်တော်တို့တစ်တွေက လက်ခံကိုခံရမှာ။ ကဲ အခုလုပ်ပေးနေတာက ဒသမအကြိမ်ပါပဲဗျာ။

Voice : ဒါဆိုရင် အဲဒီကြေညာချက်တွေကို ကညန ဝန်ထမ်းတွေကရော မသိကြလို့လား။

UTAH : ဒါတွေကို ကညနက ဝန်ထမ်းတွေလည်း သိကြပါတယ်။ သူတို့လည်း မှတ်မိနေကြတုန်းပါပဲ။ ဒီလိုစကားရပ်တွေနဲ့အညီ ရပ်တည်နေနိုင်ဖို့ဆိုရင် အစိုးရအဖွဲ့မှာ တာဝန်ရှိပါတယ်။ ပြီးကျတော့လည်း တရားဥပဒေစိုးမိုးရေး သာမက ပြည်သူကိုပါ မလိမ့်တပတ် လုပ်နေတာ ဖြစ်တဲ့အတွက် ကျွန်တော် လက်မခံနိုင်ဆုံး လုပ်ရပ်ပဲ။

Voice : ဒါဆိုရင် အစ်ကိုပြောချင်တာက အစ်ကို့ အမြင်လေး ပြောပြပါလား။

UTAH : အရင်မကြာသေးမီက ပဲခူးလုပ်တယ်။ အခု မကွေးစပြီ။ နောင်ဆိုရင် အခြားတိုင်းနဲ့ ပြည်နယ်တွေက လိုက်လာတော့မှာ။ ဥပဒေကို လေးစားရမယ်။ လက်တစ်လုံးခြားတွေ ဘာတွေလက်မခံဘူး။ သဘောမတူရင် အစကနေ ပြောပါလားဆိုတော့ ဒေသတွင်းလုပ်တဲ့ အဲဒီအစည်းအဝေးမှာတောင် ကျွန်တော့်ကို မဖိတ်ဘူး။ အသိအမှတ်တောင် မပြုဘူးလို့ ပြောချင်တာ။ အခွန်ဝင်ငွေရဖို့ သက်သက်လုပ်နေတာလို့ပဲ မြင်တယ်။ တရားဥပဒေအရသွားဖို့ ကြည့်မယ်ဆိုလည်း အခုလုပ်နေသမျှသည် ဆန့်ကျင်တယ်လို့ပဲ မြင်တယ်။ ထပ်ပြီးပြောရရင် ဒါဟာ အစိုးရက ပြည်သူကို မလိမ့်တပတ် လုပ်တာလို့ပဲ ပြောချင်တယ်။ ဒီအချက်ကို ပြည်သူတွေက သိသူမရှိသလောက် နည်းတယ်။

Voice : အခုလုပ်ပေးတဲ့ လိုင်စင်တွေကြောင့် လိုင်စင်မဲ့ ဆိုင်ကယ်တွေလောက်သာ ဝယ်စီးနိုင်ကြတဲ့  ဆင်းရဲတဲ့ပြည်သူတွေ အတွက် အဆင်မပြေနိုင်ဘူးလား။

UTAH : အခုလိုလုပ်လို့ အကျိုးဖြစ်ထွန်းမှာက ဆိုင်ကယ်ဝယ်ရောင်းသမားတွေပဲ။ သူတို့ဆီမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေ အများကြီး ရှိကြတယ်။ နောက်ပြီး လိုင်စင်ပါပြီးရော စက်မနှိုးဘဲ ဘီးလှိမ့်ဝင်ရတဲ့ ဆိုင်ကယ်တွေလည်း ရှိတာမှ အများကြီးပဲ။ ပွဲစားတွေ တကယ်ရှိနေတာပါ။ သူတို့အတွက် ခွင်ဖန်ပေးနေသလို ဖြစ်နေတယ်။ ဒါတွေကို အခွန်ရချင်တာ တစ်ခုတည်းနဲ့ သွားကြမလား။ စဉ်းစားဖို့ ကျွန်တော် ပြောချင်တယ်။ ကညနက တာဝန်ရှိသူတွေကို ကျွန်တော် ပြောထားတာတော့ ရှိတယ်။ သူတို့ ဘယ်လိုလုပ်မလဲတော့ မသိဘူး။ ဒီနည်းနဲ့တော့ ပြည်သူကို အကျိုးပြုပါတယ်လို့ ပြောမရဘူး။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။                       

ပေါ်ဦး



FOLLOW US