News

17-Dec-2016

NLD လွှတ်တော်
အစိုးရ၏ ပထမခြောက်လ၌ သုံးနှစ်အတွင်းရငွေ အနည်းဆုံး ဖြစ်ပေါ်မှုကို လွှတ်တော်သို့ ရှင်းလင်း
နေပြည်တော်၊ ဒီဇင်ဘာ ၁၆

NLD အစိုးရလက်ထက် တာဝန်ယူခဲ့သော၂၀၁၆-၂၀၁၇ နှစ်၏ ပထမခြောက်လပတ်တွင် ရငွေမျှော်မှန်းချက်သည် ယခင်အစိုးရ တာဝန်ယူခဲ့သော (၂၀၁၄ - ၂၀၁၅ နှင့်၂၀၁၅-၂၀၁၆) နှစ်များထက် ရငွေ အနည်းဆုံး ဖြစ်ပေါ်နေကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက ဒီဇင်ဘာ ၁၃ ရက်တွင် တင်ပြလိုက်ခြင်းအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၁၆ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းခဲ့သည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်ရာတွင် ယခုနှစ် သြဂုတ်လ ရောက်မှသာ အတည်ပြုလိုက်ခြင်းကြောင့် အစိုးရ၏ တင်ဒါလုပ်ငန်းများကို အရှိန်မြှင့်တင် လုပ်ကိုင်ခဲ့ရခြင်း၊ ရငွေလျော့နည်းရခြင်းမှာလည်း မြန်မာရုပ်ရှင်လုပ်ငန်း၊ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ အသေးစား ငွေရေးကြေးရေး ကြီးကြပ်ရေးလုပ်ငန်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ဆားနှင့် အဏ္ဍဝါဓာတုပစ္စည်း ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းတို့ကို ဦးစီးဌာနအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။ 
ယင်းအပြင် ကမ်းလွန်သဘာဝဓာတ်ငွေ့ ဈေးနှုန်း လျော့ကျခြင်းကြောင့် မြန်မာ့ကျောက်မျက်လုပ်ငန်းတွင် အကျိုးတူ ကျောက်ရောင်းရငွေကို ၄၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ လျှော့ချပေးရခြင်း၊ ကျောက်မျက်ဥပဒေအရ ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ ဝန်ဆောင်မှု အခွန် ၃ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့် ပြုလိုက်ခြင်း၊ သစ်လုပ်ငန်းမှ ပြည်ပသို့ အလုံးလိုက် တင်ပို့ရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းတွင် ADDI ကုမ္ပဏီနှင့် ချုပ်ဆိုသည့် လုပ်ငန်းစာချုပ်တွင်လည်း အမြတ်ဝေစု၏ ၅၀ ရာခိုင်နှုန်းသာ ရရှိခြင်း၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွင်လည်း မန္တလေးတိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးကို လျှပ်စစ်ကော်ပိုရေးရှင်း အဖြစ်သို့ ပြောင်းခြင်း၊ ရေနံထွက်ပစ္စည်း ရောင်းဝယ်မှု လျော့နည်းရခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ငွေစာရင်းကော်မတီ၏ သုံးသပ်ချက်တွင် ရငွေနည်းသည့်အပြင် သုံးငွေတွင်လည်း၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်ကို ပြည့်မီခြင်း မရှိဟုလည်း ပြောဆိုထားသည်။

ဒုဝန်ကြီး၏ ရှင်းပြချက်တွင် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ခြေ ရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်နိုင်ရန် တစ်ခုချင်းစီ၏ ပကတိ အခြေအနေမှန်များကို စနစ်တကျ စိစစ်၍လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။

ပြည်ထောင်စု အစိုးရအဖွဲ့သည် ပထမ ခြောက်လပတ်တွင် အကောင်ထည်ဖော်ရမည့် ကိစ္စတွင်လည်း လျာထားချက်၏ တစ်ဝက်သာ အကောင်ထည်ဖော်ထားကြောင်း၊ ယင်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ပါက လက်ရှိ ဒေါ်လာဈေး တက်လာမှုကြောင့် ပြည်ပမှ ဝယ်ယူမည့် စက်ပစ္စည်းများ ဝယ်ယူမှုတွင် အခက်အခဲတွေ့နိုင်မည် ဖြစ်ကြောင်း ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင်က ဆွေးနွေးပြောကြားသည်။

ယင်းအပြင် မိုးညိုမဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်း ဆွေးနွေးသော အခွန်ကောက်ခံမှုများတွင် ယိုပေါက်ဖြစ်နေသည်မှာ မှန်ကန်သောကြောင့် စနစ်တကျ ဖြစ်စေရေးနှင့် အခွန်တိမ်းရှောင်မှုများကို စစ်ဆေးဖော်ထုတ်နေပြီ ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

ယခုနှစ်၏ ပြည်ထောင်စု၏ ခန့်မှန်းခြေစာရင်းတွင် ရငွေသည် ၁၆၉၇၈ ဒသမ ၉၉၁ ဘီလီယံဟု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ပါရှိသော်လည်း ယခုနှစ် ခြောက်လပတ်တွင် ကျပ် ၆၂၆၂ ဒသမ ၁၂၆ ဘီလီယံ (၃၆ ဒသမ ၈၈ ရာခိုင်နှုန်း) သာ ရရှိနေသောကြောင့် ဒုတိယ ခြောက်လပတ် (ယခုနှစ်နှစ်ကုန်) တွင် အစိုးရအနေနှင့် ပိုမိုကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ကော်မတီက ဆိုသည်။

ယင်းအတွက်ကြောင့် ယခုဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်မည့် လုပ်ငန်းများကို စံချိန်စံညွန်း ပြည့်မီစွာ ပြီးစီးနိုင်ရန်၊ ပြီးစီးနိုင်ခြင်း မရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးစွဲနိုင်ခြင်း မရှိသည့် အသုံးစရိတ်များကို အချိန်မီ ပြန်လည်အပ်နှံရန် လိုအပ်ကြောင်း ကော်မတီက သဘောထားမှတ်ချက် ပြုထားခဲ့သည်။

ကော်မတီ၏ သဘောထားမှတ်ချက် တင်ပြချက်များကို ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်မှ အထက်ပါ ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခဲ့ပြီး မှတ်တမ်းတင်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။




FOLLOW US