News

03-Nov-2016

NLD
ဦးမျိုးရန်နောင်သိမ်းကို ဆက်သွယ်ရေးပုဒ်မဖြင့် ဖမ်းဆီး
ရန်ကုန်၊ နိုဝင်ဘာ ၃ 

တပ်မတော်အပေါ် ဂုဏ်သိက္ခာ ထိခိုက်စေမည့်စာများ လူမှုကွန်ရက်ပေါ် ဖော်ပြခဲ့သည်ဟုဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းကို ယနေ့ (နိုဝင်ဘာ ၃ ရက်) မွန်းလွဲပိုင်းက လှိုင်မြို့မ ရဲစခန်းမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ကြက်ဖကြီး အကောင့်ပိုင်ရှင်ဖြစ်သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားလိုပြု တိုင်ကြားခဲ့သူ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး လင်းထွန်းက Myo Yan Naung Thein အကောင့်ပိုင်ရှင်ကို ဖော်ထုတ်အရေးယူပေးပါရန် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ဦးမျိုးရန်နောင်သိန်းကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ယုဇနဟိုတယ်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အခုစစ်ဆေးနေတုန်းမို့ သတင်းအတိအကျ ပြောလို့ မရသေးဘူး၊ နေ့လည်ပိုင်းကပဲ သူတည်းခိုတဲ့ ဟိုတယ်မှာ သွားရောက်ဖမ်းဆီးခဲ့တာပါ သူ့ဖေ့စ်ဘွခ်အကောင့်မှာ တပ်မတော်အပေါ် ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ စာသားရေးသားခဲ့လို့ အမှုဖွင့်အရေးယူထားတယ်” ဟု လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ - Myo Yan Naung Thein (Facebook)



FOLLOW US