News

05-Oct-2016

NLD
အစိုးရ အကျပ် ရိုက်စေမည့် အဆိုနှင့် မေးခွန်းများ မမေးရန် NLD အမတ်များကို ပါတီခေါင်းဆောင်များ မှာကြား

နေပြည်တော်၊ အောက်တိုဘာ ၅

သိမ်းဆည်းခံ လယ်ယာမြေများ ဖြေရှင်းရေးနှင့် ပတ်သက်သော အဆိုနှင့် မေးခွန်းများ အပါအဝင် အစိုးရ အကျပ် ရိုက်စေမည့် မေးခွန်းနှင့် အဆိုများ မေးမြန်းခြင်း မပြုလုပ်ရန် NLD ပါတီအမတ်များကို  ပါတီ ခေါင်းဆောင်များက မှာကြားထားကြောင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။

နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိခန်းမတွင် အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်း၌ NLD ပါတီ ခေါင်းဆောင်များနှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ သီးခြား တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း NLD ပါတီ ဗဟို အလုပ် အမှုဆောင်များ ဖြစ်ကြသည့် ဦးဝင်းထိန်နှင့် ဦးဝင်းမြင့်တို့က လွှတ်တော်ကိုယ်စားလှယ်များကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီ ကိုယ်စားလှယ်များထံမှ သိရသည်။

သိမ်းဆည်းခံ မြေယာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခြင်း မပြုဖို့ ဖြစ်တယ်။ အခု အဲဒါတွေကိုပေးဖို့ လုပ်နေပြီပဲလေ။ ပေးဖို့လုပ်နေတာတွေ မမေးမြန်းဖို့ ဖြစ်တယ်။ တကယ်လည်း မြေယာတွေ ပြန်ပေးဖို့၊ လျော်ကြေးတွေ ပေးဖို့ လုပ်နေကြတယ်။ အဲဒါတွေ ပြောဆိုခဲ့တာ ဖြစ်တယ်”ဟု NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို လက်ရှိ လွှတ်တော် အသီးသီး အနေနှင့် အစိုးရကို ပြည်သူ့ဆန္ဒအရ မေးမြန်းရန် လိုအပ်ပြီး ကိုယ်စားလှယ်များ အနေနှင့် ပါတီကို မျက်နှာ မမူဘဲ လူထုကို မျက်နှာ မူသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေ ကြုံနေရတဲ့ အခြေအနေတွေကို လွှတ်တော်ကနေ မေးမြန်းပြီး အဖြေရအောင် လုပ်သင့်တယ်။ ကိုယ်စားလှယ်တွေက ပြည်သူတွေကိုပဲ မျက်နှာ မူရမယ်”ဟု ဦးသိန်းညွန့်က ပြောဆိုသည်။

မေးခွန်းများကို ကိုယ်စားလှယ်များ အနေနှင့် တိကျ မှန်ကန်ရန် မေးခွန်းနှင့် အဆိုများ မေးမြန်းရန် ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဆိုသည်။

“ပါတီဝင်တွေကတော့ မိမိပါတီ အကြီးအကဲတွေက အဆိုတွေနဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိလာရင် လူထု ကိုယ်စားလှယ်အဖြစ် နေမှာလား ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရပ်တည်မှာလား ဆိုတာက မိမိ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်နေပြီ”ဟု SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းသည် လွှတ်တော် မစတင်မီ အဆိုနှင့် မေးခွန်းများနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌများ ဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းကြောင့် အတိုက်အခံ ပါတီများ၏ ဝေဖန်မှုလည်း ထွက်ပေါ်လာခဲ့သည်။

ယခင်အစိုးရ လက်ထက်၌ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လယ်ယာမြေ ပြသနာများကို ဖြေရှင်းခဲ့သည်။ အလားတူ NLD အစိုးရလက်ထက်၌ လယ်ယာမြေ ပြသနာများကို ဒုသမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူ ဦးဆောင်သော ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ပြန်ကြားရေး ဝန်ကြီးဌာနမှ သိမ်းယူထားသော လယ်ယာမြေ (၁၇၅.၁၈) ဧကကို မူလပိုင်ရှင်များထံသို့ လွှဲပြောင်းပေးခဲ့ပြီး အလားတူ မအူပင် မြို့နယ်တွင် ကုမ္ပဏီများမှ သိမ်းယူထားသော လယ်ယာမြေများကိုလည်း မူလ ပိုင်ရှင်များထံ ပြန်လည် လွှဲပြောင်းထားပြီး ဖြစ်သည်။

  • VIA


FOLLOW US