News

NLD ပါတီ၏ အမျိုးသမီးညီလာခံ ဇွန်လအတွင်း ကျင်းပမည်
ရန်ကုန်၊ မေ ၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမျိုးသမီးမျက်နှာစုံညီ ညီလာခံတစ်ရပ်ကို လာမည့်ဇွန်လအတွင်း နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ အမျိုးသမီးကော်မတီအဖွဲ့ဝင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက မေလ ၅ ရက်တွင် ပြောကြားသည်။

ပြည်နယ်နှင့်တိုင်းဒေသအသီးသီးတွင် အဖွဲ့ချုပ်၏အမျိုးသမီးကော်မတီများ ဖွဲ့စည်းပြီးဖြစ်ကာ ယင်းကော်မတီများမှ ကြုံတွေ့နေရသော အခက်အခဲများကို ညီလာခံသို့တင်ပြ၍ တက်ရောက်လာသူများမှ ပူးပေါင်းဆွေးနွေးမည်ဖြစ်သည်။

“ညီလာခံဆိုပေမယ့် ရွေးကောက်တင်မြှောက်ခြင်းမပါတဲ့ ညီလာခံပေါ့နော်။ ဒေသတစ်ခုနဲ့တစ်ခုက ကြုံတွေ့တဲ့ အခက်အခဲတွေ မတူနိုင်ဘူးလေ။ ဒါတွေကို စုပေါင်းပြီး မူဝါဒတစ်ခု သတ်မှတ်နိုင်မယ်ပေါ့။ အဲ့လိုသဘောပါ”ဟု ဒေါ်သန္တာက ဆိုသည်။

ပါတီ၏ ဗဟိုအမျိုးသမီးကော်မတီကို ၂၀၁၇ ခုနှစ် ဩဂုတ်လက စတင်ဖွဲ့စည်းခဲ့ပြီး ရပ်/ကျေး မြို့နယ်နှင့် ပြည်နယ်/တိုင်းဒေသကြီးရှိ အမျိုးသမီးကော်မတီ အဆင့်ဆင့်ကို ယခုနှစ် ဧပြီလအတွင်း အပြီးသတ် ဖွဲ့စည်းထားပြီးဖြစ်သည်။

“ကျွန်မတို့ တိုင်းရင်းသားဒေသမှာဆိုရင် အမျိုးသမီးတွေ ကြုံတွေ့နေရတာက မြို့ပေါ်နေရာတွေထက် ပိုများတယ်။ တကယ်တမ်း အာဏာရပါတီတစ်ခုရဲ့ အမျိုးသမီးညီလာခံဆိုရင် ပါတီရဲ့ အမျိုးသမီးကော်မတီတွေလောက်နဲ့တင် မဟုတ်ဘဲ တခြားအမျိုးသမီးအဖွဲ့တွေရဲ့ အမြင်တွေ အခက်အခဲတွေကိုပါ ညီလာခံမတိုင်ခင် ကြိုပြီးနားထောင်ပေးသင့်ပါတယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မဒီဒီပိုကျိန်က ဆိုသည်။

မြန်မာနိုင်ငံရှိအမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများအပြင် ကျေးလက်ဒေသများတွင်မူ ပညာရေးနိမ့်ပါးမှု၊ ဆင်းရဲနွမ်းပါးမှုများနှင့် တိုင်းရင်းသားဒေသများတွင် စစ်ဘေးဒဏ်ခံရမှုများ စသည့် အခက်အခဲများကို ခံစားနေကြရသည်။

ဝေလင်း



FOLLOW US