News

23-Apr-2018

NLD
NLD အမတ် ၃ ဦးကို ပါတီစည်းကမ်းအရ အရေးယူမည်
ရန်ကုန်၊ ဧပြီ ၂၂

ငွေကြေးသုံးစွဲမှု၊ အပြုအမူအပြောအဆိုနှင့် လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် NLD အမတ် ၃ ဦးကို ပါတီစည်းကမ်းအရအရေးယူမည်ဟု ပါတီ၏ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဧပြီလ ၂၂ ရက်က ပါတီရုံးချုပ် (ရန်ကုန်) တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အမတ် ၃ ဦးကို အရေးယူရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ ဇွန်လတွင် ပြုလုပ်မည့် ဒုတိယအကြိမ် ပါတီညီလာခံကျင်းပမည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာရေးရာ ကော်မတီများတွင် အင်အားထပ်ဖြည့်ခြင်း၊ လူစားထိုးခြင်းစသည့် ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

“အရေးယူတာက ငွေကြေးသုံးစွဲတာတွေမှာ မရှင်းလင်းတာ။ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ အမူအကျင့် ပြောဆိုမှုတွေနဲ့ မကိုက်ညီဘူး။ ပြီးတော့ လုပ်ထုံးလုပ်နည်းတွေကို မလေးစားဘူး။ ဒီအကြောင်းပြချက်တွေကြောင့်ပါ။ အရေးယူတာကလည်း ပါတီတွင်းတာဝန်ယူထားတဲ့ ရာထူးတွေကို ကန့်သတ်တာမျိုးတွေပါမယ်”ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

ထို့အပြင်ပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံကို လာမည့်ဇွန်လအတွင်း ပြုလုပ်မည်ဖြစ်ပြီး ထိုညီလာခံ၌ပါတီ အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ရွေးချယ်မည် မဟုတ်တော့ကြောင်း ပါတီ၏ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောဆိုသည်။

“အလုပ်အမှုဆောင်အဖွဲ့ကလည်း ပြန်ပြီး အားဖြည့်ထားတာမကြာသေးတော့ ဒီညီလာခံမှာက အလုပ်အမှုဆောင်အဖွဲ့ကို ပြန်ပြီးမရွေးချယ်တော့ဘူး၊ ညီလာခံတက်ရောက်မဲ့ ကိုယ်စားလှယ်တွေကို ဘယ်လိုပုံစံရွေးချယ်မလဲပေါ့ ဒါကိုဆွေးနွေးဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုအစည်းအဝေးတွင် သက်ဆိုင်ရာ အထူးပြုသည့်ရေးရာ ကော်မတီများဖြစ်သော အလုပ်သမားရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထိန်နေရာတွင် ဦးဟံသာမြင့်ကို အစားထိုးခန့်အပ်ခဲ့ပြီး တောင်သူလယ်သမားရေးရာ ကော်မတီ၌လည်း အလားတူ ဗဟိုအလုပ်အမှုဆောင်တစ်ဦးကို ခန့်အပ်သွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ပထမအကြိမ်ပါတီ ဗဟိုကော်မတီဝင်များကို ပထမအဆင့်ရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို ဥက္ကဋ္ဌက အဆိုပြုပြီး ဗဟိုကော်မတီဝင်များက အတည်ပြုခဲ့ကြသည်။

ပါတီအာဏာရပြီးချိန် နောက်ပိုင်း၌ ပထမအကြိမ် ပါတီညီလာခံမှ ခန့်အပ်ထားသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို လူစားထိုးခြင်း၊ အင်အားဖြည့်ခြင်းများ ပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှာ ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ပေးအပ်ထားပြီးဖြစ်သည်။


  • VIA


FOLLOW US