News

ဝက်သယ်ယူမှု အငြင်းပွားခဲ့သူ မြိတ်မြို့နယ် NLD အလုပ်အမှုဆောင်အား ပါတီမှ ယာယီရပ်ဆိုင်း


မြိတ်၊ ဖေဖော်ဝါရီ ၂၀

ပါတီပုံရိပ်အား ထိခိုက်စွာပြောဆိုခဲ့သည့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အား ပါတီတာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း ယင်းမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးငြိမ်းချမ်းဦးက ပြောကြားသည်။

မြိတ်မြို့အဝင် တပ်မတော်ဆေးရုံအနီးတွင် ဝက်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က စစ်ဆေးရေးအဖွဲ့က ရပ်နားစစ်ဆေးနေစဉ် မြို့နယ်အလုပ်အမှုဆောင် ဒေါ်လှရီဆိုသူမှာ NLD ပါတီ ရင်ထိုးတံဆိပ်ပြပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အငြင်းပွားခဲ့ပြီး ဒေါ်လှရီနှင့်အတူပါ အမျိုးသားက ကိုယ်ထိလက်ရောက် ကျူးလွန်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ပါတီတာဝန် ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် NLD ပါတီတံဆိပ်သုံးပြီး ပါတီပုံရိပ်ထိခိုက်စေသည့်အတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြုလုပ်သည့် မြို့နယ်အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒေါ်လှရီအား မြို့နယ် အလုပ်အမှုဆောင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း အတွင်းရေးမှူး ဦးငြိမ်းချမ်းဦးက ပြောပြသည်။

အဆိုပါ ပါတီတံဆိပ်ပြသည့် ကိစ္စအတွက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပါတီတာဝန်ရှိသူများမှ ဒေါ်လှရီအား ခေါ်ယူစစ်ဆေးမေးမြန်းကာ စစ်ဆေးချက်ရလဒ်အား တနင်္သာရီတိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးထံမှ သိရသည်။

“ဒီလိုမျိုးတံဆိပ်ထုတ်ပြတာက အလုပ်အမှုဆောင်မှန်းသိတာ ဒီလိုမျိုးရှိရမယ်။ ဝန်ထမ်းတစ်ယောက်ဆိုရင် ဒီလိုတံဆိပ်ရော ဝန်ထမ်းအင်္ကျီရောမရှိဘဲနဲ့ လာမဖမ်းနဲ့ ငါ့ပစ္စည်းလာမကိုင်နဲ့ဆိုတာကို နှိုင်းယှဉ်ပြခြင်းသာဖြစ်တယ်”ဟု ဒေါ်လှရီက ဖြေရှင်းထားသည်။

စစ်ဆေးချက်ရလဒ်ကို တနင်္သာရီတိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ တင်ပို့မည်ဖြစ်ကာ ဗဟိုမှ ညွှန်ကြားချက်ပြန်ကျလာသည့် အချိန်အထိ ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်။

ပါတီရင်ထိုးတံဆိပ်ကို ပါတီလုပ်ငန်းအတွက်သာ လုပ်ဆောင်ခွင့်ရှိပြီး လက်ရှိဖြစ်ပွားခဲ့သည့် အခြေအနေမှာ စီးပွားရေးနှင့် ဆက်စပ်နေသည့်အတွက် ပြည်သူများအကြား ပါတီ၏ပုံရိပ်ကို ထိခိုက်မှုရှိနေကြောင်း ဦးငြိမ်းချမ်းဦးက ပြောသည်။ 

Dawei Watch



FOLLOW US