News

ပြောင်းလဲပြီးပြီလား
“နောက်ဆုံးကြွင်းကျန်ရစ်ခဲ့သည်မှာ အသန်မာဆုံး သတ္တဝါများ မဟုတ်။ ပြောင်းလဲမှုကို အမြန်ဆုံး လက်ခံကျင့်သုံးနိုင်သူများသာ ဖြစ်သည်...”
သိပံ္ပပညာရှင် ချားဒါဝင်

လွန်ခဲ့ပြီးသောနှစ်ပေါင်း ၁၆၀ ခန့်၊ ၁၈၅၈ ခုနှစ်က အင်္ဂလန်နိုင်ငံ၊ လင်းနီးယပ်စ် သိပ္ပံခန်းမထဲမှာ ချားဒါဝင် (Charles Darwin) ဆိုသူက “လူသည် မျောက်မှ ဆင့်ကဲပြောင်းလဲလာသည်” ဆိုသော ဖောက်ထွက် အတွေးသစ်တစ်ခု (သို့မဟုတ်) သီအိုရီအသစ်တစ်ခုကို ချပြလိုက်သည်။ ထိုသီအိုရီကို ဆင့်ကဲပြောင်းလဲခြင်း (Evolution) သီအိုရီဟုခေါ်သည်။ ချားဒါဝင်၏ ဆင့်ကဲပြောင်းလဲမှုသီအိုရီက သမားရိုးကျလည်ပတ်နေသော သိပ္ပံလောကတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်လေသည်။ 

(တစ်)

မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သည် “ပြောင်းလဲချိန်တန်ပြီ” ဆိုသော ဆောင်ပုဒ်တစ်ခုဖြင့် မြန်မာပြည်သူ ၈၀ ရာခိုင်နှုန်း၏ မဲပေးထောက်ခံခြင်းကို ရယူခဲ့သည်။ အပြောင်းအလဲကို ငတ်မွတ်တောင့်တနေကြသော ပြည်သူလူထုနှင့် အပြောင်းအလဲကို ဖော်ဆောင်ပေးမည့် သူတို့၏ ရွေးကောက်ပွဲအနိုင်ရရှိမှုကို“တောင်ပြို ကမ်းပြို အနိုင်ရရှိခြင်”ဟု အမည်တွင်ခဲ့၏။ 

အင်အားကြီးနိုင်ငံရေး အတိုက်အခံအဖြစ် ရပ်တည်လာခဲ့သော ကာလတစ်လျှောက်လုံးတွင် NLD ပါတီသည် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့် စသော ဒီမိုကရေစီအနှစ်သာရများကို တွင်တွင်ကျယ်ကျယ် ဟစ်ကြွေးလာခဲ့သည်။ ထိုကြွေးကြော်သံများကြောင့် သော်လည်းကောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏ ထင်ပေါ်ကျော်ကြားမှုနှင့် နိုင်ငံရေးအနစ်နာခံမှုများကြောင့် သော်လည်းကောင်း၊ ပြည်သူများ၏ အပြောင်းအလဲကို ငတ်မွတ်တောင့်တခြင်းကြောင့် သော်လည်းကောင်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိခဲ့သည်ဟု ဆိုနိုင်၏။ လက်ရှိအချိန်တွင် NLD ပါတီ၏ “ပြောင်းလဲချိန်တန်ပြီ” မဲဆွယ်ဆောင်ပုဒ်တစ်ခုသည် သုံးနှစ်သက်တမ်းထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ အပြောင်းအလဲကို လိုလားနေကြသော မြန်မာ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် NLD ပါတီသည် မည်ကဲ့သို့ အပြောင်းအလဲမျိုးကို မည်မျှလောက်ထိ ပြောင်းလဲခဲ့ပြီးပြီလဲ ဆိုသည်ကတော့ ဆန်းစစ်ချင်စရာသာဖြစ်၏။ 

(နှစ်)

၂၀၁၈ ခုနှစ် အဖွင့်နိဒါန်းသည် ဒီမိုကရေစီအစိုးရ၏ ဒီမိုကရေစီဆန်ခြင်း၊ မဆန်ခြင်းကို မေးခွန်းပေါင်းများစွာဖြင့် ချင်းနင်းဝင်ရောက်လာသည်ဟု ဆိုနိုင်၏။ ဇန်နဝါရီ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ရခိုင်ဘုရင့်နိုင်ငံတော် ကျရှုံးခြင်း စာပေဟောပြောပွဲ ကျင်းပခွင့် တားမြစ်ခံရခြင်းနှင့် ပတ်သက်၍ အစိုးရနှင့် ပြည်သူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။ ထိုဖြစ်စဉ်ထဲတွင် ရဲပစ်ခတ်ခြင်းကြောင့် ရခိုင်လူငယ် (၇) ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးဘက်က ထုတ်ပြန်ကြေညာချက်များထဲတွင် စာပေဟောပြောပွဲပြုလုပ်ရန် ဟန့်တားခံရခြင်းနှင့်ပတ်သက်ပြီး ဆန္ဒပြသူများသည် ခရိုင်ရုံးအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အလံတိုင်မှ နိုင်ငံတော်အလံကို ဖြုတ်ချကာ ရခိုင်အလံကို အစားထိုးတပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ အစပိုင်းတွင် လူအုပ်ကြီးကို ခြောက်လှန့် ဟန့်တားခဲ့သော်လည်း လူစုကွဲမသွားဘဲ တားဆီးမရအခြေအနေသို့ ဆိုက်ရောက်လာသောကြောင့် ပစ်ခတ်ရခြင်းအဆင့်ထိ ဖြစ်သွားခဲ့ရသည်ဟု ဆိုသည်။ သို့သော် မြေပြင်အခြေအနေတွင် ပျံ့နှံ့နေသော ကောလာဟလအချို့တွင်မူ အစိုးရထုတ်ပြန်ချက်များနှင့် ကွဲလွဲမှုများရှိနေသည်။ ထိုအကြောင်းနှင့်ပတ်သက်ကာ နိုင်ငံတွင်းအဖွဲ့အစည်းများနှင့် ပြည်ပရောက် ရခိုင်လူမှုအဖွဲ့အစည်းများက ကြေညာချက်များထုတ်ကာ အဖြစ်မှန်ကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။ 

(သုံး) 

အရပ်သားတစ်ပိုင်းအစိုးရဟု မှည့်ခေါ်ခံခဲ့ရသော်လည်း မြန်မာ့ ဒီမိုကရေစီအပြောင်းအလဲကို စတင်ဖွင့်လှစ်ပေးခဲ့သော ဦးသိန်းစိန်အစိုးရ လက်ထက်မှစတင်ကာ ရခိုင်ပြည်နယ်တွင် သိသာထင်ရှားစွာ လွတ်လပ်ခြင်းအရသာကို ခံစားလာရသည်။ အထူးသဖြင့် ရခိုင်စာပေယဉ်ကျေးမှု အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် စာသင်ကျောင်းများတွင် ရခိုင်စာပေကို ထည့်သွင်းသင်ကြားနိုင်ခဲ့သည်။ ထို့အပြင် လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်များကိုလည်း ရရှိခဲ့သည်။ ထိုအချိန်မှစတင်ကာ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ရခိုင်ဘုရင့်နိုင်ငံကျရှုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲများကို ရခိုင်မြို့နယ်တိုင်းတွင် ကျင်းပလာခဲ့ကြရာမှာ ၂၀၁၇ ခုနှစ်အထိ ဖြစ်၏။ 

ရခိုင်လူမျိုးများသည် မိမိတို့လူမျိုး၏ သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားမည်ကို စိုးရိမ်စိတ်ကြီးမားကြသည်။ မိမိတို့ လူမျိုးများ၏ ရာဇဝင်နှင့်သမိုင်းကြောင်းများကို ပိုမို ထင်ပေါ်ကျော်ကြားလိုကြသည်။ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်များကို ညွှန်ပြကာ ရခိုင်ဟု ဂုဏ်ယူလိုကြသည်။ တက်လာသော အစိုးရအပေါ်တွင် ရခိုင်လူမျိုးတို့၏ မျှော်လင့်ချက်သည်လည်း ထိုအချက်များကို အခြေခံသည်ဟု ဆိုနိုင်၏။ 

(လေး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော လက်ရှိအစိုးရသည် မြန်မာပြည်သူအများစု၏ မျှော်လင့်ခြင်းများကို သိမ်းပိုက်ထားနိုင်သော အစိုးရဟုဆိုနိုင်သည်။ ပြည်သူများသည် သူတို့၏ကြီးမားသော မျှော်လင့်ချက်များကို အစိုးရအပေါ်တွင် ပုံအောထားကြသည်။ ကိုယ်တိုင်လည်း ပါဝင်ကူညီအားဖြည့်ကြသည်။ သို့သော် ပြည်သူများ မျှော်လင့်သလောက် အစိုးရက လိုက်လျောဖြည့်ဆည်းပေးနိုင်စွမ်းသည် ထင်သလောက် ခရီးမပေါက်သေးချေ။ အချို့ကိစ္စများတွင် ဒီမိုကရေစီ၏ အနှစ်သာရ လုံးဝ ပျောက်ဆုံးသွားသကဲ့သို့ပင် ရှိ၏။ 

အထူးသဖြင့် NLD အစိုးရတက်လာချိန်မှစတင်ကာ (၆၆-ဃ) ကဲ့သို့ ပုဒ်မမျိုးသည် အလုပ်အဖြစ်ဆုံးသော ပုဒ်မတစ်ခုဖြစ်လာခဲ့သည်။ (၆၆-ဃ) ဖြင့် တရားစွဲဆိုမှုများ၊ ဆန္ဒပြရင်း၊ ဟောပြောရင်း တရားစွဲဆိုခံရမှုများနှင့် ဖမ်းဆီးထောင်ချခံရမှုများက အရပ်သားဒီမိုကရေစီ အစိုးရလက်ထက်တွင် အရေအတွက်များပြားလွန်းလာခဲ့သည်။ ထိုသို့အဖြစ်အပျက်များသည် ပြည်သူများလိုလားနေကြသော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသလား၊ သို့မဟုတ် ဒီမိုကရေစီအစိုးရ ဟစ်ကြွေးခဲ့ဖူးသော အပြောင်းအလဲများနှင့် ကိုက်ညီမှုရှိသလား ဆိုသည်ကတော့ ပြန်လည်သုံးသပ်စရာပင် ဖြစ်သည်။ 

(ငါး) 

လူ့အသိုင်းအဝိုင်းတစ်ခုပင်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ပင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံပင်ဖြစ်စေ အချိန်ကာလနှင့်အမျှ အကောင်းဘက်သို့ တိုးတက်ပြောင်းလဲလာရန် လိုအပ်သည်။ ပိုမိုပွင့်လင်းမြင်သာသော၊ ပိုမိုလွတ်လပ်မှုရှိသော ဘဝများကို ပိုင်ဆိုင်ရန် လိုအပ်ကြသည်။ ထိုသို့ တိုးတက် ပြောင်းလဲလာခြင်းများသည် လူသားတိုင်း၏ တမ်းတမျှော်လင့်ခြင်းများပင် ဖြစ်သည်။ ထိုအခွင့်အရေးများအတွက်ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း နိုင်ငံရေး နှလုံးရည်တိုက်ပွဲကို နှစ်ရှည်လများ ဆင်နွှဲလာခဲ့ရသည်။ NLD နှင့်တကွ ပြည်သူများမျှော်လင့်ခဲ့သော အစိုးရတစ်ရပ်သည်လည်း ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။ 

သို့သော် လက်ရှိအချိန်အထိ ပြည်သူများသည် ဒီမိုကရေစီအရသာကို စစ်မှန်စွာ မြည်းစမ်းခွင့်ရရှိနေခဲ့ပြီလား ဆိုသည်မှာ မေးစရာ မေးခွန်းတစ်ခုဖြစ်နေဆဲ။ ပြည်သူများနှင့် အစိုးရအကြားတွင် အပြန်အလှန် ယုံကြည်ကိုးစားခြင်း၊ ပြည်သူများ၏ မျှော်လင့်ခြင်းများကို အစိုးရက အကောင်အထည် ဖော်ပေးနိုင်ခြင်းနှင့် ပြည်သူများ၏ လွတ်လပ်ခွင့်တို့ကို အစိုးရက အကာအကွယ်ပေးနိုင်ခြင်းတို့သည် မည်သည့် အတိုင်းအတာအထိ ခရီးပေါက်ခဲ့သနည်း။ 

ချာဒါဝင်၏ Evolution သီအိုရီတွင် လူနှင့်သတ္တဝါများသည် သဘာဝတရား၏ အပြောင်းအလဲအတိုင်း လိုက်ပါကျင့်သုံးကြရင်း ဆင့်ကဲ ပြောင်းလဲလာခဲ့ကြရသည်။ သဘာဝတရား၏ အပြောင်းအလဲအတိုင်း ပြောင်းလဲလိုသည်ဖြစ်စေ၊ မပြောင်းလဲလိုသည်ဖြစ်စေ ပြောင်းလဲနိုင်အောင် ကြိုးစားလာခဲ့ကြရသည်။ ထိုသို့ပြောင်းလဲလာရင်း လူသည် လေးဖက်ထောက် တွားသွားအခြေအနေမှ ခြေနှစ်ချောင်းထောက် မတ်တတ်ရပ်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ အသိဉာဏ်နှင့် အသွင်သဏ္ဌာန်များလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထိုအပြောင်းအလဲသည် ကောင်းမွန်သော အပြောင်းအလဲဖြစ်၏။ 

လက်ရှိ အရပ်သား ဒီမိုကရေစီအစိုးရသည်လည်း ပြောင်းလဲချိန်တန်ပြီဆိုသော ဆောင်ပုဒ်တစ်ခုဖြင့် အပြောင်းအလဲကို ဦးတည် ရင့်ကျူးလာခဲ့သည်။ သို့သော် ချားဒါဝင်၏ ဆင့်ကဲပြောင်းလဲခြင်းနှင့် ကွာဟသည်။ NLD ၏ အပြောင်းအလဲသည် ပြောင်းလဲလိုသူများနှင့် ပြောင်းလဲသင့်သော အခြေအနေအရပ်ရပ်အတွက် အပြောင်းအလဲဖြစ်ပြီး ချားဒါဝင်၏ အပြောင်းအလဲမှာ မဖြစ်မနေပြောင်းလဲရမည့် အပြောင်းအလဲ ဖြစ်သည်။ 

သမိုင်းထဲတွင်တော့ ချာဒါဝင်၏အပြောင်းအလဲသည် တိုးတက်ကောင်းမွန်သော သက်ရှိကမ္ဘာကို တည်ဆောက်နိုင်ခဲ့သည်။ သို့သော် NLD ၏ အပြောင်းအလဲသည် မည်ကဲ့သို့ အခြေအနေမျိုးတွင် ရှိနေသနည်း စောင့်ကြည့်နေရဆဲပင်ဖြစ်သည်။ ပြောင်းလဲချိန်တန်ပြီဆိုသော စကားသည် ပြောင်းလဲချိန်တန်ပြီအတိုင်းသာ ရှိဆဲလား။ အမှန်တကယ် ပြောင်းလဲပြီးပြီလား ဆိုသည်ကတော့...။ 

ရက္ခ 



FOLLOW US