News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးဆိုသည့် ဝေဖန်ချက်အပေါ် NLD ထိပ်ပိုင်းခေါင်းဆောင်များ ငြင်းဆို
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေသည်ဆိုသော ဝေဖန်ချက်များသည် မဟုတ်မှန်ဘဲ ငြိမ်းချမ်းရေးရှေ့ဆက်သွားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၃၁ ရက်က NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဦးဝင်းထိန်နှင့် ဦးဉာဏ်ဝင်းတို့က သတင်းထောက်များ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အချက် ၃၇ ချက် သဘောတူခဲ့ပြီး ဆက်၍လည်း အချက်များ ထပ်မံတိုးလာရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ လက်မှတ်ရေးထိုးသည့် အဖွဲ့များ ထပ်တိုးလာရေး ဆောင်ရွက်လျက်ရှိကြောင်း NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ကျွန်တော်ပြောချင်တာကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကတော့ အရှိန်အဟုန်နဲ့ ပိုမိုတိုးတက်လာတယ်လို့ ပြောချင်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ထို့ပြင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း နှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်သောကြောင့် ငြိမ်းချမ်းရေးရရန် စိတ်ရှည်သည်းခံစွာဖြင့် တဖြည်းဖြည်းလုပ်ဆောင်နေကြောင်း၊ ညီလာခံများ အဆင့်ဆင့်ပြုလုပ်သွားရမည် ဖြစ်သောကြောင့် အချိန်ပေးရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

“ကြာလှချည်ရဲ့မလုပ်နဲ့၊ ကြာကို ကြာမှာ။ ဒါက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆိုးသွားတာမဟုတ်ဘူး။ ဆက်လက်ကြိုးစားနေလို့သာလျှင် ပထမ၊ ဒုတိယ၊ တတိယ၊ ဒုတိယ ပင်လုံမှာ ၃၇ ချက် ရသွားပြီ။ အဲဒီ ၃၇ ချက်နဲ့ နောင်အနာဂတ်မှာ ဒီမိုကရေစီကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားပါတီတွေ လက်ခံတယ်။ တပ်မတော်ကလည်း လက်ခံတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ပါတီထိပ်ပိုင်း ခေါင်းဆောင်များက ပြောကြားသော်လည်း ပြည်တွင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး နောက်ပြန်ဆွဲနေပြီဟုလည်း လေ့လာသူများက သုံးသပ်နေ ကြသည်။

ထို့ပြင် အပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို လက်မှတ်ရေးထိုးလာရေးအတွက် အစိုးရသက်တမ်း ၂ နှစ်အတွင်း ဆွေးနွေးခဲ့သော်လည်း အဖွဲ့တစ်ဖွဲ့မှ ထပ်ထိုးလာခဲ့ခြင်း မရှိပေ။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ကချင်လက်နက်ကိုင်အဖွဲ့ (KIO)၊ တအာင်း ပလောင်အဖွဲ့ (TNLA) အဖွဲ့များနှင့်လည်းကောင်း၊ ချင်းပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)အဖွဲ့များနှင့်လည်းကောင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်ကုန်ပိုင်းအထိ တိုက်ပွဲများ ရပ်တန့်နိုင်ခြင်း မရှိသေးပေ။

J-08



FOLLOW US