News

ဧရာဝတီတိုင်း ၂၀၁၈ ခုနှစ် ခြောက်လစာဘတ်ဂျက်လိုငွေ ကျပ်သန်းငါးသောင်းကျော်ရှိ
ပုသိမ်၊ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ရသုံး ခန့်မှန်းခြေ ငွေစာရင်းရေးဆွဲပြီး လွှတ်တော်သို့တင်ပြရာတွင် ဘတ်ဂျက်လိုငွေ ကျပ်သန်း ငါးသောင်းကျော်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

“၂၀၁၈ခုနှစ် ခြောက်လစာ ဘတ်ဂျက်မှာ ဧရာဝတီ တိုင်းဒေသကြီးအတွက် လိုငွေက ကျပ်သန်း  ၅၈၇၉၇ ဒသမ ၄၉၃ ရှိနေတယ်၊ အဲဒီလိုငွေကို ပြည်ထောင်စုကနေ ထောက်ပံ့ပေးထားပါတယ်”ဟု တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်သူထွေးက ရှင်းပြသည်။

တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အချက်ပြစနစ် တပ်ဆင်ခြင်း လုပ်ငန်းကို ဘတ်ဂျက်တွင် တင်ပြတောင်းခံခဲ့ကြောင်း၊ ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်သော်လည်း ယခုကဲ့သို့ ဘတ်ဂျက်သုံးစွဲ ဆောင်ရွက်ရန် ၆လသာရှိခြင်း၊ ဘတ်ဂျက် လိုငွေပြနေခြင်း စသည့်အချိန်တွင် တင်ပြ တောင်းခံခြင်းမှာ မဖြစ်သင့် ဟု လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပြည်ထောင်စုအစိုးရ ဘတ်ဂျက်နှင့် တိုင်းဒေသကြီး ဘတ်ဂျက်များတွင် ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း များ၊ ယာဉ်အန္တရာယ်  လမ်းအန္တရာယ်  ကင်းရှင်းရေးကောင်စီ၊ ကရင် တိုင်းရင်းသားရေးရာနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဌာနများနှင့် ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေလုပ်ငန်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဆောင်ရွက်မှု ၁၇ ခု၊ ရေတံခါးနှင့် အခြားလုပ်ငန်း ၄၁ ခု ဆောင်ရွက်ခြင်း၊ ကမ်းထိန်းလုပ်ငန်း ၁၁ ခု၊ တာတမံ ၃၅ ခု၊ ရေနုတ်မြောင်း ၂၅၀ ခု ဆောင်ရွက်ခြင်း စသည့် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်ကြောင်း ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာ ကော်မတီထံမှ သိရသည်။

ဧရာဝတီ တိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရသုံး ခန့်မှန်းခြေ ငွေစာရင်းမှာ တိုင်းအစိုးရအဖွဲ့၏ တင်ပြတောင်းခံချက်အရ ရငွေ ကျပ်သန်း ၁၁၉၆၂ နှင့် သုံးစွဲငွေ ကျပ်သန်း ၇၀,၇၆၁ ဖြစ်ကြောင်း၊ လိုငွေ ကျပ်သန်း ၅၈,၇၉၇ ကို ပြည်ထောင်စုမှ ထောက်ပံ့ပေးပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

R-11



FOLLOW US