News

31-Dec-2017

ရန်ကုန် NLD
NLD ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ပြန်ဖွဲ့မည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အဆင့်ဆင့် ပြန်လည် ဖွဲ့စည်းသွားရန် ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါပါတီထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ရှစ်ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလ ၃၀ ရက်မှ ၃၁ ရက်အထိ ပါတီဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

NLD ပါတီ၏ လက်ရှိ ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များတွင် လွှတ်တော်နှင့် အစိုးရအဖွဲ့များသို့ ရောက်ရှိသွားသူများ ပါဝင်နေသည့်အတွက် လွတ်လွတ်လပ်လပ် မဆောင်ရွက်နိုင်သည့် အခြေအနေများကြောင့် လွတ်လပ်သော အဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ကျွန်တော်တို့မှာ အချိန်တွေ ကြာလာတာနဲ့အမျှ လွှတ်တော်ထဲ ရောက်သွားတယ်။ ဒါကြောင့် ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မယ့် စည်းကမ်းထိန်းသိမ်းရေး ဖွဲ့စည်းမယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် NLD ပါတီ၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ပါတီဗဟိုနှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဖွဲ့စည်းထားပြီး တိုင်ကြားစာ ဌာနတစ်ခုကိုလည်း ဖွဲ့စည်းထားသည်။

အဆိုပါ အစည်းအဝေးတွင် ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းရန်၊ အဆင့်ဆင့်သော အလုပ်အမှုဆောင်အဖွဲ့များကို အစားထိုး ဖြည့်ဆည်းရန်၊ ပါတီစည်းရုံးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ ပါတီ၊ အစိုးရနှင့် လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်ရန်၊ ဗဟိုက ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့များကို ပြန်လည် သုံးသပ်ပြီး ဖြည့်ဆည်းရန်နှင့် စစ်ဘေးရှောင် ပြည်သူများကို အကူအညီပေးရန် စသည်တို့ကို ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

အစည်းအဝေးသို့ ဗဟို ကော်မတီဝင်များ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ပါတီက ရွေးကောက်ခံထားရသည့် လွှတ်တော်ဥက္ကဋ္ဌများ၊ အရန် ဗဟိုကော်မတီဝင်များလည်း တက်ရောက်ခဲ့သည်။

NLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ရှိပြီး ယခုကျင်းပသည့် အစည်းအဝေးသည် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ပြီးခဲ့သည့် သတ္တမအကြိမ်မြောက် အစည်းအဝေးကို ဇွန်လပိုင်းက ကျင်းပခဲ့သည်။                                          

J-08



FOLLOW US