News

ပင်လယ်ပြင်တွင် မြန်မာငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်၊​ ရေလုပ်သား ၅ ဦး ပျောက်ဆုံး
ပုသိမ်၊ ဒီဇင်ဘာ ၃၀ 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်  ပြင်စလူမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်ရှိ ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၂၈ ရက်က ရေလုပ်သား၂၆ ဦး လိုက်ပါလာသော  ငါးဖမ်းစက်လှေတစ်စီးနစ်မြုပ်ကာ ၅ ဦး ပျောက်ဆုံးနေကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရ သည်။ 

လူ ၂၆ ဦးပါရှိသော “သီတာမွန် ၁”အမည်ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေသည် ယင်းပင်လယ်ပြင်၌ ငါးဖမ်းနေစဉ် လှိုင်းလေဒဏ်ကြောင့် တိမ်းစောင်းနစ်မြုပ်ခဲ့ကြောင်း၊ ငါးဖမ်းစက်လှေနှင့် မနီးမဝေးရှိ ငါးဖမ်းလှေများနှင့် ပမ္မဝတီ ရေတပ်စခန်းမှ အမှတ် ၅၅၉ စစ်ရေယဉ်တို့မှ ရေလုပ်သား ၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း အသက် ၃၅ နှစ်နှင့် ၄၀ အကြားရှိ ရေလုပ်သား  ၅ ဦး ပျောက်ဆုံးနေကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောသည်။

ကယ်ဆယ်ရရှိသည့် ၂၁ ဦးအား စစ်ရေယာဉ်ဖြင့် ဟိုင်းကြီး ဆိပ်ကမ်းအထိ ပို့ဆောင်ပေးပြီး ပျောက်ဆုံးနေသူ ၅ ဦးကို ရှာဖွေလျက်ရှိနေကြောင်း ၎င်းထံမှသိရသည်။ 

အလားတူ ဒီဇင်ဘာလ ၅ ရက်က ဖျာပုံမြို့ ရေမိုင် ၄၅ မိုင်အကွာတွင် “ရွှေပင်လယ်”အမည်ရှိ ငါးဖမ်း(ဆွဲပိုက်) ရေယာဉ်သည် နေရာရွှေ့ပြောင်းစဉ် လှိုင်းကြီးသဖြင့် ရေယာဉ်ထဲ ရေဝင်ကာ နစ်မြုပ်သွားကြောင်း၊ ယင်းရေယာဉ်မှ ရေလုပ်သားတစ်ဦး သေဆုံးကာ ၄ ဦး၊ ပျောက်ဆုံးခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။  

R-12



FOLLOW US