News

ရက် ၁၀၀ ကျော်ကာလ အပြောင်းအလဲတချို့ကို လေ့လာခြင်း

Check and Balance အားကောင်းတဲ့ အစိုးရလား

ပြည်တော်ပြန် ခရီးစဉ် ၄ ခေါက်စလုံး နိုင်ငံရေးနဲ့ ပတ်သက်ပြီး မပျက်မကွက် သွားဖြစ်တဲ့ နေရာတစ်ခုကတော့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်ရုံးပဲ ဖြစ်ပါတယ်။ အရင် ၃ ခေါက်က အတိုက်အခံပါတီ ဘဝနဲ့ ရပ်တည်နေခဲ့တဲ့ ဒီရုံးခန်းဟာ အခုတစ်ခေါက်မှာတော့ အစိုးရပါတီ ရုံးခန်းဖြစ်နေခဲ့ပါပြီ။ အရင်ကဆိုရင် မျက်နှာကြက်မှာ ပင့်ကူအိမ်တွေစွဲ၊ မီးအားမကောင်းလို့ ခပ်မှောင်မှောင် ဖြစ်နေလေ့ရှိတဲ့ နှစ်ထပ်တိုက်ရုံးခန်းငယ်ဟာ အခုတော့ ၆ ထပ်တိုက် အသစ်စက်စက်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်။

ဧည့်ခံကောင်တာတွေ၊ လုံခြုံရေးတွေ ရှိနေတဲ့အပြင် လူအဝင်-အထွက်လည်း အတော်များနေတာကို တွေ့ရပါတယ်။ အရင်ကဆိုရင် ဒီရုံးကို လာတာနဲ့တင် အဖမ်းခံရနိုင်တယ် မဟုတ်ပါလား။ ရုံးရှေ့ရှိ လက်ဖက်ရည်ဆိုင်ကနေ ထောက်လှမ်းရေးတွေက တစ်ချိန်လုံး စောင့်ကြည့်ပြီး စာရင်းမှတ်မယ်။ ပြီးရင် နောက်ယောင်ခံလိုက်မယ်။ ဖမ်းချင်တဲ့အချိန် ဖမ်းမယ်ပေါ့။ အခုတော့ ခေတ်ပြောင်းသွားပြီး အားလုံး ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ဝင်ထွက်နိုင်နေပြီ ဖြစ်ပါတယ်။

DVB (နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ) မှာ တာဝန်ထမ်းစဉ်က ဆယ်နှစ်နီးပါး နေ့စဉ် တယ်လီဖုန်းခေါ် သတင်းမေးရင်း ခင်မင်နေတဲ့ ရုံးအဖွဲ့မှူး အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင် တချို့နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သတင်းအင်တာဗျူးအတွက် တွေ့တာမဟုတ်ဘဲ မိုးထဲရေထဲ ကာလတွေတုန်းက ဒီမိုကရေစီအရေးအတွက် အတူရုန်းကန်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေအဖြစ် တွေ့ကြတာ ဖြစ်ပါတယ်။ အတိုက်အခံ ဘဝကနေ အာဏာရပါတီ ဖြစ်သွားပေမယ့် သူတို့ရဲ့ DVB သတင်းသမားဟောင်းတွေအပေါ် သဘောထားက မပြောင်းမလဲ အရင်အတိုင်း ရှိနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေ အနည်းအကျဉ်း၊ ရှေးဟောင်းနှောင်းဖြစ် အခြေအနေ အတော်များများ ပြောဖြစ်ပြီးတဲ့နောက် နှုတ်ဆက်ပြီး ပြန်မယ်ပေါ့။ ဒါပေမဲ့ ပါတီခေါင်းဆောင်တချို့က သူတို့လည်း ရုံးဆင်းတော့မယ်။ ရုံးကားနဲ့ လိုက်ပါလား၊ လမ်းကြုံတယ်လို့ ပြောပါတယ်။ သူတို့ကားပေါ်တက်ရင်း လမ်းတစ်ဖက်ကမ်းရှိ လက်ဖက်ရည်ဆိုင်လေးဆီ ကျွန်တော့် မျက်လုံးက ရောက်သွားပါတယ်။ “ဒီဆိုင်လေးက အခုထိ ရှိတုန်းပဲနော်” လို့ နှုတ်က ထွက်သွားပါတယ်။

“ဆိုင်ရှိရုံ ဘယ်ကမလဲ၊ အဲဒီဆိုင်ထဲက ထောက်လှမ်းရေးတွေလည်း အခုထိ ရှိတုန်းပဲလေ” လို့ ပါတီဝင်တစ်ဦးက ပြန်ပြောတော့ သူနောက်နေတယ်ပဲလို့ ထင်လိုက်ပါတယ်။ “ဟုတ်လို့လား။ ခင်ဗျားတို့ ပါတီက အစိုးရပါတီ ဖြစ်နေပြီပဲ” ဆိုပြီး ကျွန်တော်က ပြန်ပြောတော့ နောက်နေတာ မဟုတ်ဘူး။ တကယ်ရှိနေဆဲ၊ သူတို့ရုံးကို အခုထိ မော်နီတာ လုပ်နေဆဲ၊ သတင်းယူနေဆဲလို့ အဲဒီပါတီဝင်က မျက်နှာအတည်နဲ့ ပြောပါတယ်။

“အဲဒီဝန်ထမ်းတွေက ကျွန်တော်တို့ ပါတီကရတဲ့ ဝန်ကြီးဌာနအောက်က လူတွေ မဟုတ်ဘူးလေဗျာ။ ဝန်ကြီးဌာန အချင်းချင်းကြား Check and Balance ပိုအားကောင်းလာတဲ့ သဘောပေါ့” ဆိုပြီး သူက ရယ်သံတစ်ဝက်နဲ့ နောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ တစ်မျိုးကြီး။ မြန်မာနိုင်ငံမှာ အစိုးရနှစ်ရပ် ရှိနေတယ်ဆိုပြီး အတော်များများက ဝေဖန်နေပေမယ့် အချင်းချင်း ဒီလိုမော်နီတာ လုပ်နေလိမ့်မယ်၊ အထူးသဖြင့် ပါတီဌာနချုပ်ရုံးရှေ့မှာ ထောက်လှမ်းရေးတွေ ဆက်ရှိနေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါ။

အစိုးရနှစ်ရပ် ဆိုတာကတော့ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန သုံးခုကို တပ်မတော်အား ခွဲတမ်းပေးထားရခြင်း၊ လွှတ်တော်အသီးသီးမှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ပေးထားရခြင်းနဲ့ ပြည်နယ်-တိုင်း အသီးသီးမှာ နယ်-လုံ ဝန်ကြီးဌာနနဲ့ ထွေ-အုပ် ဌာနတွေကို တပ်မတော်အား ခွဲတမ်းပေးထားရတဲ့အတွက် အာဏာဟာ ဗဟိုတစ်ခုတည်းအောက်မှာ ရှိနေတာမျိုး မဟုတ်ပဲ ဗဟိုနှစ်ခုနဲ့ သွားနေတဲ့ အစိုးရမျိုးလို့ ဆိုလိုချင်တာပါ။

၂၁ ပင်လုံအပေါ် ဘယ်လိုမြင်ကြသလဲ

အခုတစ်ခေါက် ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး (အပစ်အခတ်ရပ်စဲရေး) အတွက် မာရသွန် ဆွေးနွေးပွဲ တက်ခွင့်ရနေသူတွေ၊ ဦးအောင်မင်းရဲ့ ဖိတ်ခေါ်ချက်အရ ပြည်တော်ပြန်ခဲ့ပေမယ့် ဘာမှလုပ်ခွင့်မရဘဲ ဖြစ်နေသူတွေ၊ သာမန်အစိုးရ ဝန်ထမ်းတွေ၊ သတင်းစာဆရာတွေ စသဖြင့် နယ်ပယ်အတော်များများက ပုဂ္ဂိုလ်တွေနဲ့ စကားပြောခွင့် ရခဲ့ပါတယ်။

ပထမဆုံးတော့ သာမန်ဝန်ထမ်းလောကမှ အရာရှိတစ်ဦးရဲ့ အမြင်ကို တင်ပြပါရစေ။ “NLD အစိုးရက ဝန်ကြီးဌာန အပြောင်းအလဲတွေ၊ ထွေ-အုပ် ကိစ္စတွေကို အပီအပြင် မကိုင်နိုင်သေးပေမယ့် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုတော့ လုပ်ပြနိုင်မယ် ထင်တယ်” လို့ သူက ပြောပြီး ကျွန်တော့်မျက်နှာကို ကြည့်ပါတယ်။ သူပုန်ဟောင်း သတင်းထောက်ဆီက ဘာအသံများ ကြားရမလဲပေါ့။

“ဒီဘက်က လူတွေက ဟိုဘက်မှာ လုပ်နိုင်မယ်လို့ ထင်နေ၊ ဟိုဘက်က လူတွေက ဒီဘက်မှာ လုပ်နိုင်မယ်လို့ ထင်နေများ ဖြစ်နေသလား မသိဘူး” ဆိုပြီး ကျွန်တော်ကပြောတော့ သူက သိပ်ဘဝင်ကျပုံမရ။ ပြီးတော့ ဘာစိတ်ကူးပေါက်မှန်းမသိ။ “ဒီအစိုးရက အရင်အစိုးရလိုတောင် ဝန်ထမ်းလစာ မတိုးပေးနိုင်သေးပါဘူးကွာ” လို့ သူ့ဘာသာတွေးရင်း ပြောနေပါတယ်။ ဝန်ကြီးဌာနတချို့ ဖြုတ်လိုက်လို့ မိတ်ဆွေတချို့ ဒုက္ခရောက်နေကြောင်း ညည်းပါတယ်။ အပြောင်းအလဲဆိုတာ ဒီလိုပါပဲ။ တစ်နိုင်ငံလုံးကောင်းဖို့ အတွက် တစ်စုံတစ်ယောက် ဒုက္ခရောက်တာကိုတော့ ငဲ့နေလို့ ဘယ်ဖြစ်မလဲဆိုပြီး အားပေးရတာပေါ့။

ဒါက ဝါရင့်ဝန်ထမ်းတစ်ဦးရဲ့ အမြင်။ ဦးအောင်မင်းရဲ့ ကတိကဝတ်တွေကို ယုံကြည်ပြီး ပြည်တွင်းမှာ နိုင်ငံရေးပြန်လုပ်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုပြီး နယ်စပ်ကနေ ပြည်တော်ဝင်လာတဲ့ ပါတီခေါင်းဆောင်တစ်ဦးကတော့ “NLD အစိုးရကလည်း ကျွန်တော်တို့ဘက်လူတွေ ပြောတာဆို  ဘာမှနားမထောင်ဘူးဗျာ။ ဟိုဘက်ကလူတွေ ပြောတဲ့အတိုင်းပဲ လျှောက်လုပ်နေတယ်” လို့ အစချီပြီး လက်ရှိနိုင်ငံရေးအပေါ် စိတ်ပျက်တဲ့လေသံနဲ့ ပြောပါတယ်။ သူပြောတဲ့ ဟိုဘက်ကလူတွေ ဆိုတာကတော့ ဦးရွှေမန်း အုပ်စုက အာဏာရထားတဲ့ လူတွေနဲ့ ဦးသိန်းစိန်တို့ ချန်ထားခဲ့တဲ့ ဗျူရိုကရက်တွေကို ဆိုလိုတာပါ။

တကယ်တော့ ဒီလိုပြောတာ သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ ပြည်ပနဲ့ နယ်စပ်ကနေ ပြန်လာသူ အတော်များများနဲ့ မြန်မာ့အပြောင်းအလဲကို နိုင်ငံတကာ အပြောင်းအလဲနဲ့ နှိုင်းယှဉ်လေ့လာသူ တချို့မှာ ဒီလိုအမြင် ရှိနေတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး အတိုက်အခံ အားလုံးကို သူတို့လိုချင်တဲ့ အကွက်ထဲဝင်အောင် စစ်ဗိုလ်သစ်၊ စစ်ဗိုလ်ဟောင်းတွေက လုပ်နေတာလို့ သူတို့က မြင်နေကြပါတယ်။

ဒါပေမဲ့ နယ်စပ်ပြန်၊ ပြည်တော်ပြန်အားလုံး ဒီလိုမြင်တာမျိုးလည်း မဟုတ်ပြန်ပါဘူး။ လက်ရှိအခင်းအကျင်းမှာ ပါဝင်ခွင့်ရခြင်း မရခြင်းပေါ် မူတည်ပြီး အမြင်တွေလည်း ကွဲပြားနေသလား မသိပါ။ ၂၀၁၂ နှောင်းပိုင်းကနေ အခုချိန်ထိ စဉ်ဆက်မပြတ် လုပ်နေတဲ့ မာရသွန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရနေသူ သူပုန်ဟောင်းအဖွဲ့ ခေါင်းဆောင်တစ်ဦးက ဆိုရင် NLD အစိုးရ လုပ်ပုံကိုင်ပုံကို သိပ်အားမရသေးပေမယ့် လက်ရှိအခင်းအကျင်းထဲမှာ ပါဝင်ခွင့်ရနေတာကို ဂုဏ်ယူကြောင်း၊ အခြေအနေဟာ တဖြည်းဖြည်း တိုးတက်နေပြီး ၂၁ ရာစု ပင်လုံညီလာခံ အလုပ်ဖြစ်လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။

အတိုက်အခံပါတီရဲ့ ခေါင်းဆောင်ငယ်တစ်ဦး အဖြစ်ရော၊ သူပုန်ခေါင်းဆောင် အဖြစ်ပါ တာဝန်ထမ်းဖူးသူ တစ်ဦးကတော့ NLD အစိုးရဘက်က လူတွေဟာ ငြိမ်းချမ်းရေးအပေါ် စေတနာ ရှိပေမယ့် အတွေ့အကြုံ မရှိဘူး။ မလုပ်တတ် မကိုင်တတ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကံထချိန် ဖြစ်နေတာကြောင့် ၂၁ ပင်လုံကို ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး။ အားလုံးမပါရင်တောင် အများစုပါအောင် လုပ်သွားနိုင်တယ်။ တစ်စုံတစ်ရာရှေ့ကို ရွေ့သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သတင်းသမားတွေဆီက ကြားရတဲ့အချက်တွေအရကတော့ ဒီညီလာခံဟာ တပ်မတော်က ခွင့်ပြုသလောက်ပဲ ရှေ့ဆက်သွားခွင့်ရမယ့် သဘောမျိုး ရှိနေပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကို တပ်မတော်က လိုက်နေတာလား၊ တပ်မတော်ရဲ့ ဦးဆောင်မှုနောက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လိုက်နေရတာမျိုးလား ဆိုတာဟာ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။

လမ်းပေါ်ကလူတွေကော ဘယ်လိုမြင်ကြသလဲ

အပေါ်ထပ် အဆောက်အဦက လူတွေရဲ့ အမြင်အပြင် သာမန်အောက်ခြေက လူတွေရဲ့ အမြင်တွေကိုလည်း လေ့လာနိုင်ဖို့ ဆင်းရဲသား အများစုစီးတဲ့ မီးရထား၊ အဝေးပြေး ဘတ်စ်ကားတွေနဲ့ ကျေးလက်ဒေသတွေအထိ ကျွန်တော် ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျေးလက်က လူတွေဟာ အစိုးရသစ် ပြောင်းပေမယ့် “ဘာမှတော့ ထူးမလာသေးဘူးလေ” ဆိုတာထက် ပိုမပြောကြပါဘူး။

ဒီတော့ ရန်ကုန်မှာ နေ့စဉ်လိုလို စီးဖြစ်တဲ့၊ စကားလည်းကြွယ်တဲ့ တက္ကစီသမားတွေရဲ့ အမြင်ကိုပဲ တင်ပြချင်ပါတယ်။ “ဒီဆိုက်ကားက လမ်းလယ်မှာ ဘယ်လိုနင်းနေတာလဲဗျာ၊ အဲလိုနင်းခွင့် ရှိလို့လား” ဆိုပြီး ရန်ကုန်မြို့လယ် လမ်းမကြီးပေါ်မှာ ကိုးရိုးကားရား နင်းနေတဲ့ ဆိုက်ကားကိုကြည့်ပြီး တက္ကစီဆရာကို ကျွန်တော်က မေးမိပါတယ်။ “အဲဒါ အမေ့သားတွေလေ၊ သွားထိလို့ မရဘူး” လို့ သူက ဖြေပါတယ်။ “ဘာလဲဗျ အမေ့သား၊ ဆိုက်ကားအသင်း အမည်လား” ဆိုပြီး ပြန်မေးတော့ သူက ရယ်ပါတယ်။ “အမေစုဆီက ဂုဏ်ပြုလက်မှတ် ရထားတဲ့ လူတွေကို ပြောတာလေ” တဲ့။ အင်း... စဉ်းစားစရာပဲ။ ဒါတွေကို အမေစုတော့ ဘယ်သိနိုင်ပါ့မလဲ ဆိုပြီး သူက ညည်းလိုက်ပါသေးတယ်။

“ဒါဖြင့် ခင်ဗျားကော၊ ရွေးကောက်ပွဲတုန်းက NLD ကိုပဲ မဲပေးခဲ့တာ မဟုတ်ဘူးလား” လို့ ကျွန်တော်က တောက်ကြည့်ပါတယ်။ သေချာတာပေါ့။ သူတင်မက သူ့မိန်းမရော၊ အမျိုးအဆွေရော အားလုံး NLD ကို မဲပေးခဲ့တယ်၊ အပြောင်းအလဲကို တကယ်လိုချင်လို့ အဲဒီလိုကို ပေးပစ်ခဲ့တာလို့ ဆိုပါတယ်။ အခု ရက် ၁၀၀ ကျော်ပြီ ဆိုတော့ ခင်ဗျားအတွက် ဘာတွေထူးလာသလဲဆိုပြီး ထပ်မေးကြည့်တော့...  “ရက် ၁၀၀ နဲ့တော့ ဘယ်ရလိမ့်မလဲ ဆရာရယ်၊ အခု မူလတန်းမှာ သင်ရိုးသစ် ပြောင်းနေပြီ မဟုတ်လား၊ ကလေးတွေကနေ စပြောင်းမှ ဖြစ်မှာလေ” ဆိုပြီး တက္ကစီဆရာက တွေးတွေးဆဆ ပြောတော့ ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ပါ။

နောက်ထပ်တွေ့ရတဲ့ တက္ကစီသမားကတော့ ဒီပုဂ္ဂိုလ်လို မျိုးဆက်တစ်ခုစာအထိ စောင့်ချင်ပုံ မရပါ။ ကွမ်းစားတဲ့ ဇာတ်လမ်းပေါ် အခြေခံပြီး သူနဲ့ကျွန်တော် စကားစပြောဖြစ်ပါတယ်။ “ကွမ်းသွေးထွေးတာကတော့ အရင်ကလည်း ဥပဒေထုတ်ပြီး တားမြစ်ထားတာပဲလေ။ ဒါပေမဲ့ ဘယ်သူမှ မလိုက်နာတော့ ဘာမှမထူးပေါ့” လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အခု ခင်ဗျား လိုက်နာနေပြီ မဟုတ်လားဆိုပြီး ကျွန်တော်က ထပ်မေးတော့ “ဥပဒေကို လိုက်နာတာ မဟုတ်ဘူး။ အမေစုနဲ့ အစိုးရသစ်ကို အားနာလို့ မထွေးဘဲ ငုံထားတာ” လို့ သူက ကွမ်းငုံထားတဲ့ အသံနဲ့ ဖြေပါတယ်။

ဒါပေမဲ့ သူ ဘယ်လောက်ကြာကြာ ဆက်ငုံထားနိုင်မလဲဆိုတာ မသေချာပါဘူး။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရသစ်ကို အားနာပြီး (လေးစားပြီး) လူထုတစ်ရပ်လုံးက စည်းကမ်းလိုက်နာနေချိန်၊ အစိုးရသစ်အပေါ် မျှော်လင့်ချက် အစွမ်းကုန်ထားနေချိန်မှာ NLD အစိုးရဘက်က လုပ်စရာ ရှိတာတွေကို ဆက်တိုက်အရှိန်မြှင့် လုပ်ပြဖို့လို နေပါတယ်။

ဒီလိုလုပ်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဆီမှာ သြဇာရော၊ အာဏာပါရှိနေပြီလို့ နိုင်ငံရေးအကဲခတ် တချို့ကလည်း ထောက်ပြနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ ခရီးစဉ်အတွင်း တွေ့မိသလောက်၊ ကြားမိသလောက် အချက်အလက်တွေ အရကတော့ လူထုက ရွေးချယ်ထားတဲ့ NLD အစိုးရမှာ သြဇာရှိတာ မှန်ပေမယ့် အာဏာရှိတယ် ဆိုတာကို သက်သေပြဖို့ အတော်ခက်နေဆဲ ဖြစ်ပါတယ်။

သေချာတာကတော့ NLD အစိုးရသစ်အပေါ် လူထုရဲ့ မျှော်လင့်ချက်က သိပ်မြင့်မားနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဝင်စဉ်က ပေးထားတဲ့ ကတိတွေအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ချက်ချင်းမလုပ်နိုင်သေးရင်တောင် လူထုရဲ့ နေ့စဉ် လူနေမှုဘဝ တစ်စုံတစ်ရာ တိုးတက်လာအောင် လုပ်ပေးဖို့ လိုနေပါတယ်။ အဲဒီလို မလုပ်ပေးနိုင်ဘူးဆိုရင် ဒီအစိုးရဟာ ကတိတွေပဲ ပေးနိုင်ပြီး လက်တွေ့လုပ်ပြဖို့ အာဏာမရှိတဲ့ အစိုးရအဖြစ် လူထုက မြင်သွားနိုင်ပါတယ်။ အဲဒီလိုမြင်သွားရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ထင်ထားတာထက် အချိန်ပိုကြန့်ကြာသွားနိုင်ပါတယ်။       

ထက်အောင်ကျော်




FOLLOW US