News

ဘဏ္ဍာငွေ အလွဲသုံးစားလုပ်ဟု စွပ်စွဲခံရသော ရခိုင်ပြည်နယ် စီးပွားရေးဝန်ကြီးကို စစ်ဆေး
စစ်တွေ၊ မေ ၁၉

ဘဏ္ဍာငွေများကို အလွဲသုံးစားပြုလုပ်သည်ဟု စွပ်စွဲခံထားရသော ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်တွင် မေလ ၁၈ မှစ၍ သက်သေများဖြင့် စစ်ဆေးလျက်ရှိသည်။

ပြည်နယ်၏ ၆ လတာ မီနီဘတ်ဂျက်၌ လွှတ်တော်မှာ အတည်ပြုထားသော လုပ်ငန်းများမဟုတ်ဘဲ လုပ်ငန်းသစ်များပါရှိခြင်း၊ လုပ်ငန်းများအတွက် အမှန်တကယ် ကုန်ကျမည့် စရိတ်ထက် ပိုတောင်းခြင်း၊ မောင်တော ကညင်ချောင်း စီးပွားရေးဇုန် လုပ်ငန်း အကောင်အထည်မဖော်ခြင်း၊ ၂၀၁၇ -၂၀၁၈ ခုနှစ် ပိုလျှံငွေများကို မြို့နယ်အလိုက်ခွဲဝေရာ မညီမျှခြင်း၊ မြောက်ဦးခရိုင်ရှိ မြို့နယ်လေးခု၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူမှုတွင် ဥပဒေနှင့်အညီ မလုပ်ဆောင်ခြင်း အပါအဝင် စွပ်စွဲချက် ၆ချက်တို့ကြောင့် စစ်ဆေးနေကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ထံမှ သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြောက်ဦးခရိုင်ရှိ တင်ဒါလုပ်ငန်းနှင့်ပတ်သက်၍ တင်ဒါလျှောက်ခဲ့သော ကုမ္ပဏီများထဲမှ ၇ ဦးကို သက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ သက်သေများကို ဆက်လက် စစ်ဆေးနေပြီး သက်သေ ၃၀ ခန့်ရှိကြောင်း၊ စွပ်စွဲခံရသော ဝန်ကြီးကိုလည်း စစ်ဆေးနေကြောင်း၊ ယခုကဲ့သို့ စစ်ဆေးရခြင်းမှာ ပြည်နယ်၏ စီမံကိန်းများ ဆောင်ရွက်ရာတွင် အလေအလွင့်မရှိဘဲ မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် လွှတ်တော်က ထိန်းကျောင်းခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွေအေးက ပြောသည်။

မြောက်ဦးခရိုင်ရှိ လုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူရာတွင် ဘဝသစ်အောင်ခိုင်ဦး ကုမ္ပဏီမှ လုပ်ငန်းတင်ဒါ ၆ ခုတင်ရာ ၅ ခုအောင်သော်လည်း လုပ်ကိုင်ခွင့်မရကြောင်း၊ ၎င်းနှင့်ပြိုင်၍တင်သော ကုမ္ပဏီများမှာ တင်ဒါ ၂ ခုတင်ပါက ၂ ခုအောင်မြင်သဖြင့် စီးပွားရေးဝန်ကြီးက တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ ဆုံးဖြတ်ခဲ့သည်ကို သက်သေထွက်ဆိုခဲ့ကြောင်း မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ခိုင်ဦးကဆိုသည်။

“ဒေသခံ ကုမ္ပဏီတွေကို ဦးစားမပေးဘူး၊ ဈေးနှုန်းချင်း ပြိုင်လာလို့ အတူတူ ဖြစ်လာရင် ဒေသခံကို ဦးစားပေးရမှာလေ၊ လုပ်ငန်း ၇၀၊ ကုမ္ပဏီက ၆၀၀ ကျော် ၁ နာရီခွဲအတွင်း စစ်နိုင်တယ်ဆိုတော့ သဘာဝမကျဘူး၊ တင်ဒါစည်းမျဉ်းအရဆိုရင် ဈေးအနည်းဆုံး ကုမ္ပဏီကို ဦးစားပေးမယ်လေ အခုကမပေးဘူး”ဟု ကျော်လွှားသဇင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်မြက ပြောသည်။

စွပ်စွဲချက်များကြောင့် စစ်ဆေးခံရသော ဝန်ကြီးကို လွှတ်တော်တွင် သတင်းထောက်များက မေးမြန်းရာ မဖြေကြားပေ။

ဝန်ကြီးဦးကျော်အေးသိန်း တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမရှိဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ထိုးပြီး ဧပြီလက လွှတ်တော်သို့တင်ပြခဲ့ကြောင်း၊ ယင်းနောက် သံတွဲမြို့နယ်မှ NLD ကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေးအေး ဦးဆောင်ကာ ကိုယ်စားလှယ် ၅ ဦးဖြင့် ပြည်နယ်လွှတ်တော်ကဖွဲ့စည်းခဲ့ပြီး စစ်ဆေးချက် အစီရင်ခံစာကို မေလ ၃၀ ရက် နောက်ဆုံးထားကာ လွှတ်တော်သို့တင်ပြရမည်ဖြစ်သည်။

ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ခဲ့သူ မဟုတ်ဘဲ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပညာရှင်အဖြစ် အဆိုပြု ခန့်အပ်ခံရသူဖြစ်သည်။

အစိုးရသစ်သက်တမ်း ၂ နှစ်အတွင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ဇန်နဝါရီလ ၁၈ ရက်က တာဝန်ရပ်စဲခဲ့သည်။

R-22



FOLLOW US