News

10-Sep-2018

Soccer La Liga Real Madrid Salah Ramos
မိသားစု အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရသည်ကို မည်သူကမျှ မသိခဲ့ကြောင်း ရာမို့စ် ပြောကြား

မက်ဒရစ်၊ စက်တင်ဘာ ၁၀

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ၎င်းနှင့် ၎င်း၏မိသားစုဝင်များ အသက်အန္တရာယ်ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်ကို မည်သူကမျှ မသိရှိခဲ့ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း AS က ဖော်ပြထားသည်။

ရာမို့စ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ၎င်းနှင့် ၎င်း၏မိသားစုဝင်များထံ ခြိမ်းခြောက်စာများ နေ့စဉ်မပြတ် ရောက်ရှိခဲ့သည်ကို မည်သူကမျှ ဂရုမပြုခဲ့ဟု အသိပေးသွားခဲ့ပြီး ၎င်း၏ချစ်သူ ပီလာ ရူဘီယိုနှင့် သားသုံးဦးဖြစ်သော ဆာဂျီယို၊ မာကိုနှင့် အေလီဂျန်ဒရိုတို့ အန္တရာယ်ပြုခံရမည်ကို နေ့စဉ်မပြတ် စိုးရိမ်ခဲ့ရကြောင်းလည်း ရာမို့စ်က ရှင်းပြသွားခဲ့သည်။

လီဗာပူးအသင်းအားပေးသူများသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၎င်းတို့၏အဓိကတိုက်စစ်မှူး ဆာလားဟ်ကို လက်မောင်းအဆစ်လွဲဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆွဲလှဲခဲ့သည်ဟုဆိုကာ ရာမို့စ်ကို နည်းလမ်းပေါင်းစုံဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြပြီး ယင်းအကျိုးဆက်ကို ၎င်းအနေနှင့် ယခုအချိန်တိုင်သည်အထိ ခံစားနေရဆဲဖြစ်ကြောင်းလည်း ရာမို့စ်က ပြောကြားသွားခဲ့သည်။

လီဗာပူးပရိသတ်များသည် များမကြာမီက ကျင်းပခဲ့သော ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)တစ်နှစ်တာအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားတွင် ရာမို့စ်ကို တစ်နှစ်တာအကောင်းဆုံးနောက်ခံကစားသမားဆု ပေးအပ်ချီးမြှင့်လိုက်ခြင်းကိုလည်း လှောင်ပြောင်ဝေဖန်နေကြပြီး ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး ထားရှိရမည့် စိတ်နေစိတ်ထားမျိုးမရှိသော ရာမို့စ်မှာ ယင်းသို့သောဂုဏ်ပြုမှုမျိုးဖြင့် လုံးဝမထိုက်တန်ဟု လီဗာပူးပရိသတ်များက ထောက်ပြထားကြသည်။




FOLLOW US