News

အိမ်ထောင်နှင့်ကွဲသွားပြီဟု လိမ်ညာ၍ ဗလင်စီယာက မိမိကို ပတ်သက်ဖူးကြောင်း မော်ဒယ်တစ်ဦး ဖွင့်ဟ

မန်ချက်စတာ၊ ဇန်နဝါရီ ၂၈

အသက် ၂၃ နှစ်အရွယ်ရှိ အမည်မဖော်လိုသော ကိုယ်ဟန်ပြမယ် မော်ဒယ်တစ်ဦးသည် မန်ယူနောက်ခံလူ ဗလင်စီယာက သူမကို အိမ်ထောင်နှင့်ကွဲသွားပြီဟု လိမ်ညာ၍ ပတ်သက်ခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး ဗလင်စီယာမှာ သူမ၏အိမ်သို့ မကြာခဏ အလည်အပတ်လာရောက်ခဲ့ဖူးကြောင်းလည်း ယင်းကိုယ်ဟန်ပြမယ်က ဆက်လက် အသိပေးသွားခဲ့သေးသည်ဟု The Sun က ဖော်ပြထားသည်။

ဗလင်စီယာသည် ၎င်း၏ဇနီးသည်မှာ ၎င်းနှင့်လမ်းခွဲပြီးနောက် စပိန်နိုင်ငံသို့ ထွက်ခွာသွားပြီဟု ပြောကြား၍ အဆိုပါကိုယ်ဟန်ပြမယ်နှင့် ပတ်သက်ခဲ့ခြင်းဖြစ်ပြီး သူမမှာ အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းတွင် မန်ယူအသင်းပွဲစဉ်များကို တက်ရောက်ကြည့်ရှုရန်အတွက် ဗလင်စီယာထံမှနေ၍ လက်မှတ်များ လက်ဆောင်ရခဲ့ဖူးကြောင်း၊ မန်ယူအသင်း၏ရာသီသိမ်းပါတီပွဲများကိုပင် ဗလင်စီယာနှင့်တွဲဖက်၍ သူမက တက်ရောက်ခွင့်ရခဲ့ဖူးကြောင်း ယင်းကိုယ်ဟန်ပြမယ်က ပြောကြားထားသေးသည်။

ဗလင်စီယာသည် ယင်းကိုယ်ဟန်ပြမယ်နှင့် အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် သိကျွမ်းရင်းနှီးခဲ့ခြင်းဖြစ်ကာ လေးလကြာနီးပါး စာတိုမက်ဆေ့ခ်ျအဆက်အသွယ်လုပ်ခဲ့အပြီးတွင် သူမတို့နှစ်ဦးက ပြင်ပတွင် ပထမဆုံးအကြိမ်အဖြစ် ချိန်းဆိုတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဗလင်စီယာသည် ဇနီးသည် ဇိုလီယာမီနီဆက်စ်နှင့် အိမ်ထောင်သက် ၁၃ နှစ်ကြာမြင့်ပြီးသည့်နောက်တွင်မှ လမ်းခွဲပြတ်စဲလိုက်ခြင်းဖြစ်ပြီး ဗလင်စီယာနှင့် ဇိုလီယာတို့ အိမ်ထောင်ကွဲခဲ့သည်မှာ ယခုကိုယ်ဟန်ပြမယ်နှင့် မသက်ဆိုင်ဘဲ ဗလင်စီယာက အသက် ၂၄ နှစ်အရွယ်ရှိ ဆိုဖီဗတ်ဂ်ျဆီတာအမည်ရ သူနာပြုဆရာမတစ်ဦးနှင့် ဟိုတယ်တစ်ခုတွင် ညအိပ်ခဲ့သည့်ဖြစ်စဉ်တစ်ရပ် သတင်းမီဒီယာများထက်သို့ ဟိုလေးတကျော် ထွက်ပေါ်လာခဲ့သည့်ဖြစ်စဉ်ကြောင့်ဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ယင်းအမည်မဖော်လိုသူ ကိုယ်ဟန်ပြမယ်က “ကျွန်မက မန်ယူအသင်းရဲ့အမာခံပရိသတ်တစ်ဦးပါ။ သူနဲ့ ကျွန်မတို့အကြား ကာလတစ်ခုကြာ ပတ်သက်ခဲ့ကြပါတယ်။ အဲ့ဒီတုန်းက သူ့ဇနီးသည်နဲ့ သူ့အကြားမှာ ကွာရှင်းပြတ်စဲတာမျိုး မဖြစ်သေးပါဘူး။ ဒါကို သူက သူ့ဇနီးသည် ဒီမှာ မရှိတော့ဘူး၊ စပိန်ကို သွားပြီလို့ ပြောပြီး ကျွန်မနဲ့ တွဲခဲ့တာပါ။ နောက်ပိုင်းမှာတော့ သူ့ဇနီးသည်နဲ့ သူ့သမီးလေးတို့ ချက်စ်ရှိုင်းယားမှာပဲ ရှိနေသေးတာကို ကျွန်မ သိလိုက်ရပါတယ်။ အရမ်းကို အံ့သြတုန်လှုပ်သွားခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ သူ့ကို လူလိမ်လူညာတစ်ယောက်အဖြစ် သတ်မှတ်ပြီး ကျွန်မက အဆက်ဖြတ်ပစ်လိုက်တာဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US