News

ရာမို့စ်ကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ပေးပါရန် ပရိသတ် သုံးသိန်းကျော် လက်မှတ်ရေးထိုး တောင်းဆို

မက်ဒရစ်၊ မေ ၂၈

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်က ပြစ်ဒဏ်ကျူးလွန်ခဲ့သည့်ဖြစ်စဉ်ကို ရုပ်သံအနှေးပြကွက်များ ပြန်လည်ကြည့်ရှုစစ်ဆေး၍ အရေးယူမှုတစ်ရပ် ဆောင်ရွက်ပေးပါရန် ပရိသတ်သုံးသိန်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ရာမို့စ်၏ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ဆာလားဟ် ထိခိုက်ဒဏ်ရာရသွားခဲ့ရသည့်ဖြစ်စဉ်ကို လွန်စွာ ဒေါသပေါက်ကွဲနေသည့် ပရိသတ်တစ်ဦးသည် change.org ၀က်ဘ်ဆိုက်ကို အသုံးပြု၍ ယင်းလှုပ်ရှားမှုကို ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းနှင့်ပူးပေါင်းသူ သုံးသိန်းကျော်ရှိလာခဲ့ပြီဖြစ်၍ လွန်စွာ အားတက်မိကြောင်းလည်း အဆိုပါလှုပ်ရှားမှုကို အစပြုလိုက်သောပရိသတ်က ထုတ်ဖော်ပြောကြားထားပြီဖြစ်သည်။

ဆာလားဟ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရာမို့စ်နှင့် ထိက်တိုက်တွေ့ခဲ့သော အခြေအနေတစ်ရပ်၌ ပခုံးအဆစ်လွဲသည်အထိ ထိခိုက်ဒဏ်ရာရသွားခဲ့ကာ ယင်းဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရဖွယ်ရှိနေသည့်အတွက်လည်း ဆာလားဟ်မှာ စိတ်ထိခိုက် ၀မ်းနည်းနေလျက်ရှိသည်။

Change-.org ၀က်ဘ်ဆိုက်တွင် ရာမို့စ်ကို အရေးယူပေးရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)တို့ကို တိုင်ကြားတောင်းဆိုလိုက်သော ပရိသတ်သည် အဘ်ဒယ်လ်ဟာကင်းမ် အမည်ရသူဖြစ်ပြီး ၎င်းက ရာမို့စ်မှာ ဆာလားဟ်၏လက်မောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ညှပ်ကာ ချိုးပစ်လိုက်ခြင်းဖြစ်ကြောင်း၊ မြေကြီးထက်သို့ လဲကျသွားချိန်၌ပင် တိကျသေချာစေရန် ပခုံးအဆစ်နေရာကို ရာမို့စ်က ဖိနင်းထားခဲ့သေးကြောင်း ထောက်ပြထားသည်။

အဘ်ဒယ်လ်ဟာကင်းမ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆာလားဟ် လွဲချော်ရရန် အကြောင်းဖန်သွားခဲ့သကဲ့သို့ ရာမို့စ်လည်း လွဲချော်သင့်သည်ဟု ထောက်ပြထားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)စည်းကမ်းထိန်းသိမ်းရေးကော်မတီမှာ ရာမို့စ်ကို အားကစားသမားကောင်း မပီသသော အပြုအမူကို ပြုကျင့်မှုဖြင့် အရေးယူသင့်ပါကြောင်း ၎င်းက ထောက်ပြထားသေးသည်။




FOLLOW US