News

ပေါ့ဂ်ဘာကိုခေါ်ယူနိုင်ရန်အတွက် အချိန်ကျန်ရှိနေသေးကြောင်း ဘာစီလိုနာဥက္ကဋ္ဌ ပြောကြား

မန်ချက်စတာ၊ သြဂုတ် ၁၃

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမီအူသည် ၎င်းတို့အနေနှင့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရန်အတွက် အချိန်ပမာဏ အလုံအလောက် ကျန်ရှိနေသေးခြင်းကြောင့် တစ်ဆင့်ချင်းအလိုက် စိတ်ရှည်ရှည်ထား၍ ဆက်လက်ကြိုးပမ်းသွားမည်သာဖြစ်ကြောင်း အသိပေးပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

ပရီးမီးယားလိဂ်တွင် ကစားသမားအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းပြီးစီးသွားခဲ့ပြီဖြစ်သော်လည်း အခြားသောလိဂ်များတွင်မူ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်ပြီး ပေါ့ဂ်ဘာကို ခေါ်ယူရရှိနိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသောနည်းလမ်းအားလုံးဖြင့် ၎င်းတို့ဘက်က ချိတ်ဆက်ထားသည်ဟုလည်း ဘာတိုမီအူက ဆက်လက် ပြောကြားသွားခဲ့သည်။

ပေါ့ဂ်ဘာသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် နည်းပြမော်ရင်ညိုနှင့် ၎င်းအကြားရှိ ဆက်ဆံရေးအခြေအနေကို မှတ်ချက်ပေးရန် ငြင်းဆိုသွားခဲ့ပြီး အသင်းတွင်းရှိ အချို့သော အခြေအနေများကို ၎င်းဘက်က ဖွင့်ပြောခွင့် မရရှိကြောင်း၊ ဖွင့်ပြောလိုက်မည်ဆိုပါက ကြီးလေးသည့် ဒဏ်ကြေးငွေပြစ်ဒဏ် တပ်ရိုက်အရေးယူခံရသည်အထိ ဖြစ်သွားနိုင်ကြောင်း သတင်းထောက်များကို ပေါ့ဂ်ဘာက ရှင်းပြသွားခဲ့သည်။

ပေါ့ဂ်ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာသည် ၎င်း၏ကစားသမားဖြစ်သူကို မန်ယူကိုစွန့်ခွာ၍ ဘာစီလိုနာထံသို့ ပြောင်းရွှေ့ကစားရန် တိုက်တွန်းမှုများရှိနေပြီး ပေါ့ဂ်ဘာနှင့် နည်းပြ မော်ရင်ညိုအကြားတွင် ကျန်ရှိနေသေးသော ဆက်ဆံရေးအဆင်မပြေမှု အစိုင်အခဲများကြောင့် ဘာစီလိုနာအတွက် အခွင့်အလမ်းကောင်းများ ကျိန်းသေထွက်ပေါ်လာလိမ့်မည်ဟု ဘာတိုမီအူက အခိုင်အမာ ယုံကြည်ထားဆဲဖြစ်သည်။

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီသည် ဇာဗီးနှင့် အင်နီယေစတာတို့၏ကွက်လပ်များကို ပြီးပြည့်စုံစွာ အစားဝင်နိုင်မည့် ကစားသမားမျိုးကို ရှာဖွေနေပြီး ပေါ့ဂ်ဘာမှာ အင်နီယေစတာ၏နေရာကို ကောင်းစွာ အစားဝင်နိုင်စွမ်းရှိမည့်သူအဖြစ် နည်းပြ ဗယ်လ်ဗာဒီက ယူဆထားသည်။




FOLLOW US