News

27-May-2018

Soccer Neymar Arsenal PSG Unai Emery
မန်စီးတီးတွင် ဂွါဒီယိုလာက နည်းပြဖြစ်သော်လည်း ပီအက်စ်ဂျီတွင်မူ နေမာက နည်းပြဖြစ်ကြောင်း အမ်မရီ အသိပေး

ပဲရစ်၊ မေ ၂၇

အာဆင်နယ်နည်းပြသစ် ယူနိုင်းအမ်မရီသည် ပီအက်စ်ဂျီထံတွင် နည်းပြဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ၎င်းရင်ဆိုင်ခဲ့ရသည့် အကျပ်အတည်းများကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပြီး ကစားသမားကောင်းများစွာရှိသည့် မန်စီးတီးထံတွင် ဂွါဒီယိုလာက နည်းပြတစ်ဦး၏လုပ်ပိုင်ခွင့်နှင့် သြဇာအာဏာကို အပြည့်အ၀ရရှိခဲ့သော်လည်း ပီအက်စ်ဂျီထံတွင်မူ ၎င်းက ယင်းအခွင့်အရေးကို အပြည့်အ၀ မရရှိခဲ့ကြောင်း အမ်မရီက အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

အမ်မရီသည် ပီအက်စ်ဂျီထံတွင် ၎င်းနည်းပြဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း အသင်းကို ဦးဆောင်ရန် အခွင့်အာဏာရရှိထားခဲ့သူမှာ တိုက်စစ်မှူး နေမာဖြစ်သည်ဟု ဖွင့်ဟသွားခဲ့ပြီး နေမာမှာ ဘာစီလိုနာထံတွင် ဗိုလ်ကျ၍ မရသည့်အတွက် ပီအက်စ်ဂျီထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း အမ်မရီက မှတ်ချက်ပေးသွားခဲ့သည်။

အမ်မရီသည် ဘာစီလိုနာတွင် မက်ဆီက သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်ကဲ့သို့ဖြစ်နေသည့်အတွက် ယင်းအရှိန်အဝါကို မတွန်းလှန်နိုင်ခြင်းကြောင့် နေမာမှာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရောက်လာခဲ့ခြင်းဖြစ်သည်ဟု အသိပေးသွားခဲ့ပြီး နေမာပါဝင်ကစားမည့်ပွဲစဉ်ကို ၎င်းက ရွေးချယ်ခွင့် မရှိခဲ့ဘဲ ကစားသမားဖြစ်သူက စိတ်ကြိုက်ရွေးချယ်ခြင်းဖြစ်ကြောင်း ယူနိုင်းအမ်မရီက ဆက်လက် ရှင်းပြသွားခဲ့သည်။

နေမာသည် ချန်ပီယံလိဂ်ပွဲစဉ်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားရမည့် သီတင်းပတ်များနှင့်ကြုံဆုံလာပါက လိဂ်ပွဲစဉ်များ ကစားရမည့်တာဝန်ကို ရှောင်လွှဲတတ်လေ့ရှိကြောင်းလည်း ယူနိုင်းအမ်မရီက ပြန်ပြောင်းပြောပြခဲ့ပြီး နေမာ ဒဏ်ရာရရှိသွားအပြီးတွင်မှ ၎င်းအနေနှင့် အသင်းကို ပြန်လည်စီမံခန့်ခွဲရန် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်ဟု ယူနိုင်းအမ်မရီက အသိပေးထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အမ်မရီက “ပီအက်စ်ဂျီကို ဦးဆောင်နေခဲ့စဉ်ကာလအတွင်းမှာ နည်းပြတစ်ယောက်ရဲ့အခွင့်အာဏာ ဆုံးရှုံးရတဲ့အခြေအနေတွေကို ကျွန်တော် ရင်ဆိုင်ခဲ့ရပါတယ်။ အားလုံးသူရဲ့အမြင်မှာ ကျွန်တော်ကပဲ တစ်သင်းလုံးကို ထိန်းချုပ်ထားသလို ရှိနေမှာပါ။ ဒါပေမဲ့ တကယ်သြဇာရှိခဲ့သူက ကျွန်တော် မဟုတ်ပါဘူး။ နေမာသာ ဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီဆီကို ဘာကြောင့် ပြောင်းရွှေ့လာခဲ့တယ် ထင်ပါသလဲ။ ဘာစီလိုနာမှာ မက်ဆီရဲ့သြဇာအာဏာကို သူက နာခံနေရလို့ပါ။ မန်စီးတီးမှာတော့ ဂွါဒီယိုလာက အခွင့်အာဏာအပြည့်နဲ့ အလုပ်လုပ်ခွင့်ရနေပါတယ်။ ပီအက်စ်ဂျီမှာတော့ တကယ်သြဇာရှိသူက ကျွန်တော် မဟုတ်ပါဘူး။ နေမာပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US