News

ဒီဂီယာ၊ မာတာနှင့် ဟာရီရာတို့ စပျစ်သီး ၁၂ လုံးစား၍ နှစ်သစ်ကို ကြိုဆို

မန်ချက်စတာ၊ ဇန်န၀ါရီ  ၂

မန်ယူအသင်းကစားသမားများဖြစ်ကြသည့် ဒီဂီယာ၊ မာတာနှင့် ဟာရီရာတို့သည် ကုန်လွန်ခဲ့သည့် နှစ်သစ်ကူးညကို တစ်ဦးလျှင် စပျစ်သီး ၁၂ လုံးကျစီ စား၍ ဖြတ်သန်းခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

နှစ်သစ်ကူးညတွင် စပျစ်သီး ၁၂ လုံးစား၍ နှစ်သစ်ကိုကြိုဆိုခြင်းသည် စပိန်ရိုးရာအစဉ်အလာတစ်ခုဖြစ်ပြီး နှစ်သစ်တွင် ကံကောင်းသော လ ၁၂ လကို ပိုင်ဆိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မာတာက ရှင်းပြထားသည်။

ဒီဂီယာ၊ မာတာနှင့် ဟာရီရာတို့နှင့်အတူ ဂိုးနည်းပြ အီမီလီယို အယ်လ်ဗာရက်ဇ်သည်လည်း စပျစ်သီးစားခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ပြီး ၎င်းတို့အနေနှင့် လီဗာပူးမြို့ရှိ တိုက်တန်းနစ်ဟိုတယ်တွင်နေထိုင်ကာ နှစ်သစ်ကူးညကို ဖြတ်သန်းခဲ့ကြောင်းလည်း မာတာက ဆက်လက် အသိပေးထားသေးသည်။

မာတာသည် ခရစ္စမတ်ကာလတွင် အသင်းအနေနှင့် ရလဒ်ဆိုးများဖြင့် ရင်ဆိုင်ကြုံဆုံခဲ့ရသည်ကို နှစ်သစ်ကူးနေ့တွင် အဲဗာတန်ကို အနိုင်ယူ၍ ဖိအားများအောက်က ရုန်းထွက်လိုက်နိုင်သည့်အတွက် ကျေနပ်အားရဖြစ်လျက်ရှိပြီး အသင်းကစားသမားများအားလုံးမှာ ရလဒ်ဆိုးများဖြင့် ရင်ဆိုင်နေရစဉ် ကာလတစ်လျှောက်လုံး၌ စိတ်ပျက်ဒေါသထွက်ခြင်းများကို အဆက်မပြတ် ခံစားခဲ့ရကြောင်း မာတာက ပြောကြားသွားခဲ့သည်။




FOLLOW US