News

POST TAGGED AS

MARCO SILVA

21-Jan-2018

Soccer Premier League Watford Marco Silva
နည်းပြ မာကိုဆေးလ်ဗားကို ၀က်ဖို့ဒ် ရာထူးထုတ်ပယ်

လန်ဒန်၊ ဇန်နဝါရီ ၂၁

ဝက်ဖို့ဒ်အသင်းပိုင်ရှင် ပေါ့ဇ်ဇိုမိသားစုသည် အသင်းရလဒ်များ ဆက်တိုက်ဆိုးရွားလာသည့်အတွက် နည်းပြ မာကိုဆေးလ်ဗားကို ရာထူးထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများသည် လက်စတာက ၀က်ဖို့ဒ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူ၍ မာကိုဆေးလ်ဗားကို ရာထူးထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး အသင်းအတွက် နည်းပြသစ်ခန့်အပ်မှုကို ၎င်းတို့အနေနှင့် အမြန်ဆုံးဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း ၀က်ဖို့ဒ်က ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်သည်။

ပေါ့ဇ်ဇိုမိသားစုသည် ၀က်ဖို့ဒ်အသင်းကို ၀ယ်ယူပြီးချိန်မှစ၍ နည်းပြအပြောင်းအလဲ ရှစ်ကြိမ် ဆောင်ရွက်ခဲ့ပြီးပြီဖြစ်ပြီး အသစ်ခေါ်ယူခန့်အပ်မည့် နည်းပြဖြစ်သူမှာ ပေါ့ဇ်ဇိုမိသားစုလက်ထက်တွင် ၀က်ဖို့ဒ်ကို န၀မမြောက် ဦးဆောင်ခွင့်ရသူနည်းပြအဖြစ် မှတ်တမ်းဝင်သွားတော့မည်ဖြစ်သည်။

ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများနှင့် အသင်းအားပေးသူပရိသတ်များသည် နည်းပြ မာကိုဆေးလ်ဗားကို အဲဗာတန်ထံသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့ချိန်ကတည်းကပင် အမြင်မကြည်လင်မှုများရှိခဲ့ပြီး လက်ရှိတွင်လည်း ယင်းအကျိုးဆက်ရိုက်ခတ်မှုကို မာကိုဆေးလ်ဗားက ခံစားလိုက်ရခြင်းဖြစ်သည်။

အဲဗာတန်အသင်းတာဝန်ရှိသူများသည် နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးထုတ်ပယ်လိုက်အပြီးတွင် ယင်းနေရာကို အစားဖြည့်ရန်အတွက် မာကိုဆေးလ်ဗားကို ပထမဦးစားပေးအဖြစ် ရည်ရွယ်ကာ အသင်းထံသို့ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ယင်းအချိန်က ၎င်းကို အဲဗာတန်ထံသို့ ထွက်ခွာခွင့်မပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍ မာကိုဆေးလ်ဗားက အလွန်အမင်း ဒေါသပေါက်ကွဲခဲ့ဖူးသည်။

ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲတွင် အသင်းအနေနှင့် နိုင်ပွဲတစ်ပွဲတည်းသာ ရှာဖွေရရှိခဲ့သည့်အချက်အပေါ်တွင်မူတည်၍ မာကိုဆေးလ်ဗားကို ရာထူးထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး အသင်းကစားသမားအချို့နှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အချက်ကလည်း မာကိုဆေးလ်ဗား ရာထူးထုတ်ပယ်ခံရခြင်းတွင် အကြောင်းအရာတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။




FOLLOW US