News

POST TAGGED AS

MARCO SILVA

လက်ဖြင့်ပုတ်သွင်းသည့်ဂိုးကို ခွင့်ပြုလိုက်သည့်အတွက် ပယ်လီဂရီနို ဒေါသပေါက်ကွဲ၊ VAR စနစ်ကို အမြန်ဆုံး မိတ်ဆက်ရန် တောင်းဆို

လန်ဒန်၊ ဇန်နဝါရီ ၁၄

ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနိုသည် ၀က်ဖို့ဒ်နှင့် ဆောက်သမ်တန်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၀က်ဖို့ဒ်ကွင်းလယ်လူ ဒိုးကူရီက လက်ဖြင့် နှစ်ဆင့်ပုတ်၍ ဂိုးသွင်းယူသွားခဲ့သည့်ဖြစ်စဉ်ကို ဂိုးအဖြစ် သတ်မှတ်ခွင့်ပြုပေးလိုက်သည့် ကွင်းလယ်ဒိုင်လူကြီး ရော်ဂျာအိစ်၏ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီအနေနှင့် လက်ရှိအချိန်တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်ကို အမြန်ဆုံးမိတ်ဆက်ရန် စဉ်းစားသင့်ပြီဖြစ်ကြောင်းလည်း ပယ်လီဂရီနိုက ပြောကြားသွားခဲ့သေးသည်ဟု Daily Mai က ဖော်ပြထားသည်။

ဝက်ဖို့ဒ်နှင့် ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆောက်သမ်တန်အတွက် အဖိုးတန်ချေပဂိုးကို ဒိုးကူရီက ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် သွင်းယူပေးခဲ့ခြင်းဖြစ်ကာ ဒိုးကူရီမှာ ဘောလုံးကို ညာလက်ဖြင့်တား၍ လမ်းကြောင်းပြောင်းကာ ဆောက်သမ်တန်ဂိုးသမား မက္ကာသီကို ကျော်ဖြတ်လိုက်ပြီး ယင်းနောက်တွင် ဘောလုံးကို ဘယ်လက်ဖြင့် ထပ်ပုတ်ကာ ၎င်းက ဂိုးသွင်းယူသွှားခဲ့ခြင်းဖြစ်သည်။

ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီနေးကလည်း ၎င်း၏အသင်းဖော် ဒိုးကူရီ သွင်းယူသောဂိုးမှာ ခွင့်မပြုသင့်သောဂိုးဖြစ်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ပြီး ယင်းဂိုးကြောင့် ဆောက်သမ်တန်အနေနှင့် နစ်နာမှုကြီးမားခဲ့ရသည်ကို ၎င်းအနေနှင့် နားလည်စာနာပေးနိုင်ပါကြောင်းလည်း ဒီနေးက ပြောကြားသွားခဲ့သေးသည်။

ဒီနေးသည် ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနီကဲ့သို့ပင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဗီဒီယိုလက်ထောက်ဒိုင်လူကြီး ထားရှိသင့်နေပြီဖြစ်ကြောင်း တွန်းအားပေးသွားခဲ့ပြီး ဗီဒီယိုလက်ထောက်ဒိုင်လူကြီးသာရှိခဲ့ပါက ဒိုးကူရီသွင်းယူသောဂိုးမှာ ပယ်ဖျက်ခံရလိမ့်မည်သာဖြစ်ကြောင်းလည်း ဒီနေးက ထောက်ခံသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနိုက “ကျွန်တော် ဘာပြောရမှာလဲ။ ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ရင်လည်း ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့မှ မရှိတာ။ စတုတ္ထဒိုင်လူကြီးဆီကိုသွားပြီး ကျွန်တော်တို့အနေနဲ့ မတရားလုပ်ခံလိုက်ရတယ်ဆိုတာတော့ သူသိအောင် ပြောပြလိုက်ပါတယ်။ ကျွန်တော့်ကစားသမားတွေကတော့ ဒိုင်လူကြီးကို စောဒကတက်ကန့်ကွက်တာတွေ လုပ်ခဲ့ပေမယ့် ဆုံးဖြတ်ချက်က ပြောင်းလဲမသွားခဲ့ပါဘူး။ ကျွန်တော်တို့အတွက် နစ်နာမှုက ကြီးမားလွန်းခဲ့ပါတယ်။ ဒါမျိုးတွေ နောက်ထပ်မဖြစ်ရလေအောင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်လိုက်သင့်ပါပြီ”ဟု ပြောကြားသွားခဲ့သည်။



FOLLOW US