News

POST TAGGED AS

MANCHESTER UNITED

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းရင်ဆိုင်ကြုံဆုံနေရသော ဗဟိုခံစစ်အကျပ်အတည်းကို လင်ဒီလော့ဖ်က ကောင်းစွာ ဖြေရှင်းပေးနိုင်စွမ်းရှိလာသည့်အတွက် ကျေနပ်အားရမှုများ ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ညာဘက်ဒူး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး လက်ရှိတွင် ဒီဘရိုင်နေး၏ဒဏ်ရာအခြေအနေကို အတိအကျ သိရှိနိုင်စေရန်အတွက် ၎င်းတို့အနေနှင့် ဆေးစစ်မှုများဆောင်ရွက်နေရဆဲဖြစ်သည်ဟု မန်စီးတီးအသင်းဆေးအဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အတိတ်ကာလ၌လည်း အသင်းကြယ်ပွင့်ကစားသမားများနှင့် ဆက်ဆံရေး အဆင်မပြေမှုများရှိခဲ့ဖူးပြီး ယင်းဖြစ်စဉ်များ၏အဆုံးသတ်မှာ မော်ရင်ညိုအတွက် ကောင်းကျိုးဖြစ်ပေါ်ခြင်းဟူ၍ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းနှင့် ချုပ်ဆိုထားသောစာချုပ်များ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ကွင်းလယ်ကစားသမား ဟာရီရာနှင့် မာတာတို့သည် ၎င်းတို့၏အနာဂတ်အတွက် တိကျသေချာဆုံးဖြတ်ချက်များကိုချမှတ်ရန် ပြင်ဆင်နေကြပြီဖြစ်ပြီး ဟာရီရာမှာ မန်ယူထံတွင် ဆက်ရှိဖွယ်ရှိသော်လည်း မာတာကမူ ၎င်း၏အသင်းဟောင်း ဗလင်စီယာထံသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ၎င်းနှင့် နည်းပြမော်ရင်ညိုအကြားတွင် ဆက်ဆံရေးအဆင်မပြေမှုများရှိနေသည်ကို ပြန်လည်ပြင်ဆင်နိုင်ခဲ့လျှင်ပင် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ခွင့်ကိုမူ လက်လွတ်ခံနိုင်လိမ့်မည်မဟုတ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မော်ရင်ညိုအလွန် ခေတ်ကာလတစ်ခုတွင် မန်ယူအတွက် နည်းပြသစ်တစ်ဦး ထပ်မံရွေးချယ်ပါက အသင်းတာဝန်ရှိသူများအနေနှင့် စပါးနည်းပြ ပိုချက်တီနိုကို ထည့်သွင်း မစဉ်းစားမိရန် လိုသည်ဟု သတိပေးစကားပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းတာဝန်ရှိသူများသည် ကစားသမားဝယ်ယူရေးနှင့် ရောင်းထုတ်ရေးကိစ္စများကို ထိန်းကျောင်းရန်အတွက် အသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးသော အားကစားဒါရိုက်တာခန့်အပ်မှု ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ပြီး မန်ယူအားကစားဒါရိုက်တာဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားနေသူများမှာ အသင်းဂိုးသမားဟောင်း ဗန်ဒါဆားနှင့် ရိုးမားအားကစားရိုက်တာ မွန်ချီတို့ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် ဂိုးသမား ဒီဂီယာကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပြီး အသင်းဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက ဒီဂီယာမှာ ကမ္ဘာ့စံချိန်တင် လုပ်ခလစာရ ဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ဘာစီလိုနာထံသို့ မပြောင်းရွှေ့ဖြစ်စေရန်အတွက် အသင်းခေါင်းဆောင်မက်လုံးနှင့်အတူ အခြားသောအခွင့်အရေးအချို့ ထပ်မံပေးအပ်၍ စည်းရုံးရေးဆင်းဖွယ်ရှိနေကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနောက်ခံလူ ရိုဂျိုသည် ၎င်းဝတ်ဆင်လျက်ရှိသည့် ကျောနံပါတ် ၅ ကို စွန့်လွှတ်ကာ ကျောနံပါတ် ၁၆ ကို ပြောင်းလဲဝတ်ဆင်ရန် ရွေးချယ်လိုက်ခြင်းကြောင့် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ယင်းကျောနံပါတ် ၅ ကို ဆက်ခံရန်အတွက် မန်ယူထံသို့ ကစားသမားသစ်တစ်ဦး ကျိန်းသေရောက်ရှိလာနိုင်ကြောင်း Sportmail က ဖော်ပြထားသည်။