News

09-May-2018

Soccer Everton Rooney DC United MLS
အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့ရန် ရူနီ စီစဉ်

လီဗာပူး၊ မေ ၉

အဲဗာတန်တိုက်စစ်မှူး ဝိန်းရူနီသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အဲဗာတန်ကို စွန့်ခွာ၍ အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ရူနီ၏အေးဂျင့်ဖြစ်သူ ပေါလ်စထရက်ဖို့ဒ်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေပြီး ယခုခရီးစဉ်အတွင်း ရူနီ၏အနာဂတ်အတွက် အရေးပါသည့်ကိစ္စရပ်များကို ဆွေးနွေးရန် ရှိနေကြောင်းလည်း ပေါလ်စထရက်ဖို့ဒ်က ဖွင့်ဟ၀န်ခံထားပြီးဖြစ်သည်။

အမေရိကန်မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ၏အပြောင်းအရွှေ့ဈေးကွက်သည် လာမည့်ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ဒီစီယူနိုက်တက်မှာ မန်ယူမှနေ၍ ရူနီထွက်ခွာရန် စီစဉ်သည့်အချိန်ကတည်းကပင် ၎င်းကိုခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဒီစီယူနိုက်တက်သည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီပြီးဆုံးချိန်တိုင်သည်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ဖြင့် ရူနီကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ၎င်းတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းနေစဉ်ကာလအတွင်း ရူနီကို တစ်နှစ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင် ၁၂ သန်း ပေးချေသွားရန် စီစဉ်ထားကြောင်း ဒီစီယူနိုက်တက်တာဝန်ရှိသူတစ်ဦးကလည်း ရှင်းပြသွားခဲ့သည်။

ရူနီသည် မန်ယူမှနေ၍ အဲဗာတန်ထံသို့ ပြန်လည်ပြောင်းရွှေ့ခဲ့အပြီးတွင် အစောပိုင်း၌ အသင်းအတွက် အရေးယူသော သွင်းဂိုးများကို ရယူပေးကာ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ဘောလုံးရာသီနှောင်ပိုင်းကာလတွင် မယုံကြည်နိုင်လောက်ဖွယ်ရာ ခြေစွမ်းကျဆင်းသွားခဲ့သည့်အတွက် သင့်တင့်မျှတသော ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိမည်ဆိုပါက ၎င်းကို ရောင်းထုတ်လိုက်ရန် အဲဗာတန်ဒါရိုက်တာဘုတ်အဖွဲ့က ဆုံးဖြတ်ထားပြီလည်းဖြစ်သည်။

ရူနီ၏ညီတစ်ဦးဖြစ်သူ ဂျွန်ရူနီသည်လည်း လက်ရှိတွင် အမေရိကန်မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဘူးလ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းနေပြီး ရူနီကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် ပရီးမီးယားလိဂ်ကို စွန့်ခွာလိုနေပြီဖြစ်သည်။




FOLLOW US