News

02-Jul-2018

ခရီးစဉ် ပြည်ပ MAI
MAI လေကြောင်းလိုင်း လက်မှတ်နှုန်းတိုးမြှင့်
ရန်ကုန်၊ ဇူလိုင် ၁

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း လိုင်းတစ်ခုဖြစ်သည့် MAI လေကြောင်းလိုင်းသည် ဇူလိုင်လ ၂ ရက် (ယနေ့) မှစ၍ ပြည်ပခရီးစဉ်တစ်ကြောင်းအတွက် လေယာဉ် လက်မှတ်ခနှုန်းထားများကို အမေရိကန် နှစ်ဒေါ်လာမှလေးဒေါ်လာအထိ တိုးမြှင့်လိုက်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ Head of Marketing & Public Relations ဒေါ်အေးမရသာက ပြောကြားသည်။

လေယာဉ်ဆီ အပိုဆောင်း တန်ဖိုးနှုန်းထား (Fuel Surcharges) များ တိုးမြှင့်ကောက်ခံမည်ဖြစ်သောကြောင့် လက်မှတ်ဈေးနှုန်းများ တိုးမြှင့်ရခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

“လေယာဉ်ဆီ အပိုဆောင်း တန်ဖိုးတိုးကောက်လိုက်တဲ့အတွက် လေယာဉ် လက်မှတ်ခ အပြောင်းအလဲ ဖြစ်သွားတာပါ။ ခရီးစဉ်တစ်ခုကို နှစ်ဒေါ်လာကနေ လေးဒေါ်လာအတွင်း တိုးကောက်မှာပါ”ဟု ၎င်းကရှင်းပြသည်။

ဆက်တိုက်မြင့်တက်နေသည့် လေယာဉ်ဆီ ဈေးနှုန်းကြောင့် ထိုကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်ပြီး ဘန်ကောက်၊ ကွမ်ကျိုး၊ ကိုလ်ကတ္တားခရီးစဉ်များမှာ ဒေါ်လာဈေးနှုန်း အတက်အကျအပေါ် မူတည်ကာ နှစ်ဒေါ်လာမှ လေးဒေါ်လာအတွင်း တိုးကောက်ခံမည်ဖြစ်ကာ စင်ကာပူခရီးကိုမူ လေးဒေါ်လာ တိုးမြှင့်ကောက်ခံမည်ဟု ၎င်းကရှင်းပြသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကိုလ်ကတ္တား၊ ကွမ်ကျိုးခရီးစဉ် များကို လူဦးရေ ၁၈၀ ဆံ့ Airbus A320၊ လူဦးရေ ၁၂၀ ဆံ့ Airbus A319 လေယာဉ်တို့ဖြင့် ပျံသန်းပေးလျက်ရှိပြီး Charter Flight စင်းလုံးငှားခရီးစဉ် အဖြစ် ပြည်ပနိုင်ငံများသို့ ဆက်သွယ်ငှား ရမ်းနိုင်သည့် လေကြောင်းလိုင်းတစ်ခုဖြစ် သည်။

မြန်မာနိုင်ငံသည် လေယာဉ်ဆီ ဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ် သည့်အနေနှင့် လေယာဉ်ဆီဖြန့်ဖြူး ရောင်းချရေးလုပ်ငန်း အော်ပရေတာသစ် နှစ်ခု ထပ်မံလုပ်ကိုင်ခွင့်ပေးရန် ရွှေမြန်မာ လေကြောင်းလိုင်း GMA ကုမ္ပဏီနှင့် ရန်ကုန်လေဆိပ် ဝန်ဆောင်မှုများကို ဆောင်ရွက်နေသည့် Yangon Aerodrome ကုမ္ပဏီတို့နှင့် သဘောတူညီမှုရထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

J-06



FOLLOW US