News

ကလေးတွင် လယ်လုပ်ပိုင်ခွင့်ပြန်ရရေး ဆန္ဒပြမည်
ကလေး၊ ဇွန် ၂၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်ဒိုင်းလေးကျေးရွာအနီးတွင် တောင်သူများစိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာခင်းများကို တပ်ပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ်ကာရံပြီး လုပ်ကိုင်ခွင့်မပြုသည့်အပေါ် လယ်ယာလုပ်ကိုင်ခွင့် ရရှိရေးအတွက် ဇွန်လ ၃၀ ရက်နေ့၌ ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဦးဆောင်သူ ဒေါ်အေးအေးကြူက ပြောကြားသည်။ 

“ဒီလယ်မြေတွေကိုသာ သိမ်းလိုက်မယ်ဆိုရင် ကျေးရွာသူ၊ ကျေးရွာသားတွေတအားကို ဒုက္ခရောက်သွားပြီ”ဟု ၎င်းက ပြောဆိုသည်။ 

ယင်းအပြင်ကျွဲ၊ နွားများအတွက် စားကျက်မြေပါ ပျောက်သွားနိုင်၍ ဒေသခံများအနေနှင့် အဆိုပါလယ်မြေပေါ်၌ အဆင်ပြေစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ ကူညီဖြေရှင်းပေးနိုင်ရန် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

အဆိုပါ ကျေးရွာသည် မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေး ကလေး-တမူးကားလမ်းဘေးတည်ရှိပြီး ရွာ၏အရှေ့ဘက် လယ်ယာနှင့်စိုက်ခင်းဧက ၂၅၅ ဒသမ ၅ ဧကကို အင်ဒိုင်းလေးကျေးရွာအနီးရှိ ဆက်သွယ်ရေးတပ်က ယခုနှစ်မှစတင်၍ ခြံစည်းရိုးခတ်ကာ ဒေသခံများကို ဝင်ရောက်လုပ်ကိုင်ခွင့်မပြုသည့်အပေါ် မူလအတိုင်း စိုက်ပျိုးခွင့်ရရှိရေး တောင်းဆိုဆန္ဒပြမည်ဖြစ်ကြောင်း ယင်းဒေသခံများထံမှသိရသည်။

R-20



FOLLOW US