News

28-May-2018

Liverpool Soccer Ligue Nabil Fekir Lyon
ဖာကီရာကို ခေါ်ယူရန်အတွက် လီဗာပူး ဆွေးနွေးမှုများ စတင်

လီဗာပူး၊ မေ ၂၈

လီဗာပူးအသင်းတာဝန်ရှိသူများသည် အသက် ၂၄ နှစ်အရွယ်ရှိ လိုင်ယွန်တိုက်စစ်မှူး ဖာကီရာကိုခေါ်ယူရန် လိုင်ယွန်အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ဖြင့် ဖာကီရာအပြောင်းအရွှေ့အတွက် သဘောတူညီမှုရနိုင်ရန် လီဗာပူးအသင်းတာဝန်ရှိသူများက မျှော်လင့်ထားကြောင်း Daily Mail က ဖော်ပြထားသည်။

ဖာကီရာသည် လက်ရှိတွင် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန် ပြင်ဆင်နေပြီဖြစ်ပြီး ဖာကီရာအပြောင်းအရွှေ့နှင့်သက်ဆိုင်သော အပြီးသတ်သဘောတူညီချက်တစ်ရပ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် ရယူနိုင်ရန် လီဗာပူးအသင်းတာဝန်ရှိသူများက မျှော်လင့်နေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဖာကီရာသည် ၎င်းအနေနှင့် အသင်းအတွက် အကောင်းဆုံးပေးဆပ် ကစားခဲ့ပြီးပြီဖြစ်၍ လက်ရှိ နွေဈေးကွက်အတွင်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် အသင်းပြောင်းခွင့်ရလိုကြောင်း လိုင်ယွန်အသင်းတာဝန်ရှိသူများကို တောင်းဆိုထားပြီးပြီဖြစ်ကာ ဖာကီရာမှာ တိုက်စစ်၌သာမကဘဲ ကွင်းလယ်တွင်ပါ ကစားနိုင်စွမ်းရှိသူဖြစ်၍ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ၎င်းကို အလွန်အမင်းခေါ်ယူလိုနေခြင်းဖြစ်သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံဗိုလ်လုပွဲ မကစားမီကတည်းကပင် ဖာကီရာနှင့် လူချင်းတွေ့ဆုံ၍ စကားပြောဆိုခဲ့ပြီးပြီဖြစ်ကာ ကစားသမားဖြစ်သူ၏ဆန္ဒသဘောထားကို သိရှိခွင့်ရပြီးသည့်နောက်တွင်မှ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုများ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း လီဗာပူးအသင်းတာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

ဖာကီရာသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် လိုင်ယွန်ကိုကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၃၉ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ သွင်းဂိုး ၂၃ ဂိုး ရယူပေးနိုင်ခဲ့ပြီး လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်မှာ ဂိုးရရှိရေးအတွက် ဆာလားဟ်တစ်ဦးတည်းအပေါ်တွင် အားပြုမှီခိုနေရသည်ကို အပြောင်းအလဲလုပ်ရန် ဖာကီရာကို အလိုရှိနေခြင်းလည်းဖြစ်သည်။




FOLLOW US