News

လီဗာပူးထံသို့ ပြောင်းရွှေ့ရန် ဖာကီရာကို လူချင်းတွေ့ဆုံပြီး ဂျာဂင်ကလော့ပ် စည်းရုံး

လီဗာပူး၊ မေ ၉

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် အသက် ၂၄ နှစ်အရွယ်ရှိ လိုင်ယွန်တိုက်စစ်မှူး ဖာကီရာကိုခေါ်ယူရန် လူချင်းတွေ့ဆုံ၍ စည်းရုံးရေးဆင်းခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

လီဗာပူးသည် ဖာကီရာကို ခေါ်ယူနိုင်ရေးအတွက် လန်ဒန်မြို့ခံကလပ်များဖြစ်သော အာဆင်နယ်၊ ချယ်လ်ဆီးတို့နှင့် ယှဉ်ပြိုင်ကာ ကြိုးပမ်းရဖွယ်ရှိနေပြီး လိုင်ယွန်မှာ ဖာကီရာ၏တန်ကြေးကို ပေါင် ၆၂ သန်း သတ်မှတ်ထားကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်နေသည်။

ဖာကီရာသည် လက်ရှိဘောလုံးရာသီတွင် ပြင်သစ်လီဂူးပြိုင်ပွဲ၌ လိုင်ယွန်ကိုကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၂၄ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ယင်းပွဲစဉ် ၂၄ ပွဲ၌ ဖာကီရာက အသင်းအတွက် သွင်းဂိုး ၁၇ ဂိုး၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ဖာကီရာ ခြေစွမ်းပြကစားနိုင်ခဲ့မည်ဆိုပါက ၎င်း၏တန်ကြေးမှာ လက်ရှိထက် များစွာမြင့်တက်သွားမည်ကို စိုးရိမ်လျက်ရှိပြီး လိုင်ယွန်ဥက္ကဋ္ဌ ဂျင်းန်-မီချယ်လ် အောလတ်စ်ကမူ အသင်အနေနှင့် ရှေ့လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားရရန် ရှိနေသောကြောင့် ကစားသမားကောင်းများကို တတ်နိုင်စွမ်းသမျှ အသင်းထံတွင် ဆက်လက် ထိန်းသိမ်းသွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။




FOLLOW US