News

POST TAGGED AS

LUCAS TORREIRA

လာမည့်သီတင်းပတ်အတွင်း ဝီလ်ရှိုင်းယားနှင့် ရမ်ဆေးတို့ကို တွေ့ဆုံဆွေးနွေးရန် ယူနိုင်းအမ်မရီ စီစဉ်ထား

လန်ဒန်၊ မတ် ၃၁

အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် လာမည့်သီတင်းပတ်အတွင်း၌ ဝီလ်ရှိုင်းယား၊ ရမ်ဆေးတို့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောဆိုကာ ယင်းကစားသမားများ၏အနာဂတ်ကို ဆုံးဖြတ်သွားတော့မည်ဖြစ်ပြီး ၎င်းအနေနှင့် အသင်းရှိ ကစားသမားများ၏အခြေအနေကို ကိုင်တွယ်ဖြေရှင်းပြီးမှသာလျှင် ကစားသမားသစ်ခေါ်ယူရေးအတွက် အစီအမံများ ရေးဆွဲနိုင်လိမ့်မည်ဟု ယူနိုင်းအမ်မရီက အသိပေးထားကြောင်း Daily Star က ဖော်ပြထားသည်။

ဝီလ်ရှိုင်းယားနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လာမည့်ဇွန်လ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အကယ်၍ ၎င်းကို စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် အာဆင်နယ်က လက်လွှတ်လိုက်ရတော့မည်ဖြစ်သည်။

ရမ်ဆေးနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည်လည်း သက်တမ်းအားဖြင့် တစ်နှစ်တည်းသာ ကျန်ရှိတော့ပြီး အကယ်၍ အသင်းဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို လက်မခံပါက ၎င်းကို တန်ကြေးတစ်ရပ်သတ်မှတ်၍ ရောင်းထုတ်ပစ်လိုက်ရန် နည်းပြ ယူနိုင်းအမ်မရီနှင့် အာဆင်နယ်ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက ဆုံးဖြတ်ထားကြပြီဖြစ်သည်။

ရမ်ဆေးသည် လက်ရှိတွင် အာဆင်နယ်ထံ၌ တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင် ၁၁၀,၀၀၀ ရရှိနေပြီး ၎င်းကို လုပ်ခလစာတိုးမြှင့်ပေးချေ၍ ငါးနှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် အာဆင်နယ်က စီစဉ်နေခြင်းဖြစ်သည်။

နည်းပြ ယူနိုင်းအမ်မရီသည် ဝီလ်ရှိုင်းယားနှင့် ရမ်ဆေးတို့ နှစ်ဦးလုံးကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားလိုလျက်ရှိပြီး လာမည့်ဘောလုံးရာသီမှာ အာဆင်နယ်အတွက် ပြင်းထန်သောစိန်ခေါ်မှုများကို ရင်ဆိုင်ရမည့် အပြောင်းအလဲကာလတစ်ရပ်ဖြစ်လာမည်ဖြစ်၍ အသင်းနှင့်အသားကျထားပြီးသော အမာခံကစားသမားအချို့ ဆက်လက်ရှိနေရန် လိုအပ်သည်ဟု ယူနိုင်းအမ်မရီက ယူဆထားသည်။




FOLLOW US