News

POST TAGGED AS

LUCAS MOURA

လူးကပ်စ်မော်ရာကို စပါး ခေါ်ယူ၊ မော်ရာကို တရားမျှတမှုကင်းမဲ့စွာ ဆက်ဆံခဲ့ကြောင်း နေမာ ပြောကြား

ပဲရစ်၊ ဖေဖော်ဝါရီ ၁

စပါးအသင်းသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၏နောက်ဆုံးနေ့တွင် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၅ သန်း ပေးချေဝယ်ယူလိုက်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်အပြီးတွင် မော်ရာက စပါးနှင့် ငါးနှစ်ခွဲသက်တမ်း စာချုပ်တစ်ရပ်ကို  လက်မှတ်ရေးထိုးလိုက်ကြောင်း The Sun က ဖော်ပြထားသည်။

မော်ရာသည် အပြောင်းအရွှေ့ကိစ္စရပ်များကို အောင်မြင်စွာဖြင့် အဆုံးသတ်လိုက်နိုင်အပြီးတွင် စပါးက မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုအားပေးကာ စပါးပရိသတ်များကို ဂါရ၀ပြု နှုတ်ဆက်ခဲ့ပြီး မော်ရာမှာ အသင်းအတွက် ကျောနံပါတ် ၂၇ ကို ၀တ်ဆင်ကစားပေးသွားလိမ့်မည်ဖြစ်ကြောင်းလည်း စပါးက သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

စပါးသည် မော်ရာကိုခေါ်ယူရန်အတွက် မန်ယူနှင့်အပြိုင် ကြိုးပမ်းခဲ့ရခြင်းဖြစ်ပြီး မန်ယူက ပထမအဆင့်အဖြစ် အငှားခေါ်ယူရန် ကြိုးပမ်းခြင်းကြောင့် ပီအက်စ်ဂျီတာဝန်ရှိသူများက ယင်းကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချကာ စပါး၏အပြီးသတ်ဝယ်ယူရေးကမ်းလှမ်းမှုကို လက်ခံပေးလိုက်ခြင်းဖြစ်သည်။

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် စပါးထံသို့ မော်ရာ ပြောင်းရွှေ့သွားခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်လျက်ရှိပြီး မော်ရာမှာ ပီအက်စ်ဂျီထံတွင် တရားမျှတမှုကင်းမဲ့စွာဖြင့် ဆက်ဆံခံခဲ့ရသည်ဟု ၎င်းအနေနှင့် ထင်မြင်ယူဆမိကြောင်း နေမာက ပြောကြားသွားခဲ့သည်။

မော်ရာသည် လက်ရှိဘောလုံးရာသီတွင် ပီအက်စ်ဂျီအတွက် လူစားဝင်ကစားသမားအဖြစ် ပွဲစဉ်ခြောက်ပွဲမျှသာ ပါဝင်ကစားခွင့်ရခဲ့ပြီး မော်ရာမှာ ယင်းထက်ပို၍ အခွင့်အရေးပေးခြင်းခံရရန် ထိုက်တန်သောခြေစွမ်းကို ပိုင်ဆိုင်ထားသူ ကစားသမားဖြစ်ကြောင်း နေမာက မှတ်ချက်ပေးအပ်သွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် နေမာက “မော်ရာနဲ့ ကျွန်တော်တို့က တကယ့်ကို ရင်းနှီးတဲ့ မိတ်ဆွေကောင်းတွေပါ။ ဘောလုံးလောကရဲ့ညီအစ်ကိုတွေလို့တောင် ပြောနိုင်ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ရချင်တာကြောင့် မော်ရာဟာ အသင်းပြောင်းသွားခဲ့တာပါ။ သူဟာ ထိပ်တန်းအဆင့်ခြေစွမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပေမယ့် ပီအက်စ်ဂျီဆီမှာ အခွင့်အရေးပေးခြင်း မခံခဲ့ရပါဘူး။ ပြောရရင် တရားမျှတမှုကင်းမဲ့စွာနဲ့ ဆက်ဆံခံရလွန်းလို့ သူ အသင်းပြောင်းသွားခဲ့တာပါ”ဟု အသိပေးသွားခဲ့သည်။




FOLLOW US