News

POST TAGGED AS

LUCAS MOURA

10-Jan-2018

Soccer Manchester United PSG Ligue Lucas Moura
လူးကပ်စ်မော်ရာအပြောင်းအရွှေ့အတွက် မန်ယူနှင့် ပီအက်စ်ဂျီတို့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရပြီဟု သတင်းထွက်

ပဲရစ်၊ ဇန်နဝါရီ ၁၀

မန်ယူအသင်းသည် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် လူးကပ်စ်မော်ရာအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ သန်းဖြင့် သဘောတူညီမှု ရလိုက်ခြင်းဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။

အသက် ၂၅ နှစ်အရွယ်ရှိ လူးကပ်စ်မော်ရာသည် လက်ရှိဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းကို ကိုယ်စားပြု၍ ပြင်သစ်လီဂူးပွဲစဉ်များ၌ ပွဲချိန် ၇၂ မိနစ်မျှသာ ပါဝင်ကစားခွင့်ရထားပြီး ၎င်းအနေနှင့် လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရနိုင်ရန်အတွက် လက်ရှိ ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ပုံမှန်ပွဲထွက်ခွင့်အာမခံချက်ရှိသော အသင်းတစ်သင်းထံသို့ ပြောင်းရွှေ့ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း လူးကပ်စ်မော်ရာကလည်း ထုတ်ဖော်ပြောကြားထားသည်။

လူးကပ်စ်မော်ရာသည် မန်ယူထံသို့ ပြောင်းရွှေ့ခွင့်ရလိုသည့်အတွက် အခြားသောကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချထားပြီး အစောပိုင်း၌ မန်ယူက လူးကပ်စ်မော်ရာအတွက် ပထမဆင့် အငှားခေါ်ယူကာ ခြေစွမ်းကို နှစ်ခြိုက်သဘောကျပါက အပြီးသတ်စာချုပ်ချုပ်ဆိုမည့်အစီအစဉ်ဖြင့် ကမ်းလှမ်းခဲ့ခြင်းကိုမူ ပီအက်စ်ဂျီက လက်မခံဘဲ ငြင်းဆန်ပယ်ချခဲ့သည်။

ပီအက်စ်ဂျီသည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ငွေကြေးအလုံးအရင်း အသုံးပြု၍ နေမာနှင့် အမ်ဘတ်ပေတို့ကို ခေါ်ယူခဲ့သည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ပြဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် ငြိစွန်းမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရပြီး ယင်းအခြေအနေကို ရှောင်လွှဲနိုင်စေရန်အတွက် ဒရက်ဇလာ၊ လူးကပ်စ်မော်ရာ၊ ပတ်စတိုရီနှင့် ဒီမာရီယာတို့ကဲ့သို့သော ပိုလျှံကစားသမားအချို့ကို ရောင်းထုတ်ရန် ပီအက်စ်ဂျီက ဆုံးဖြတ်ထားပြီးဖြစ်သည်။




FOLLOW US