News

POST TAGGED AS

LUCAS MOURA

မန်ယူထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန်ကိုသာ လူးကပ်စ်မော်ရာ ရည်မှန်းထား၊ အခြားသော ကမ်းလှမ်းမှုများအားလုံးကို ငြင်းဆန်ပယ်ချ

မန်ချက်စတာ၊ ဇန်နဝါရီ ၈

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်း ကွင်းလယ်ကစားသမား လူကပ်စ်မော်ရာသည် မန်ယူထံသို့  ပြောင်းရွှေ့ခွင့်ရနိုင်ရေးတစ်ခုတည်းကိုသာ ရည်မှန်းထားပြီး ယင်းအတွက် အခြားသောကမ်းလှမ်းမှုအရပ်ရပ်ကို မော်ရာက ငြင်းဆန်ပယ်ချထားကြောင်း The Sun က ဖော်ပြထားသည်။

မော်ရာသည် လက်ရှိဘောလုံးရာသီတွင် ပီအက်စ်ဂျီနည်းပြ ယူနိုင်းအမ်မရီ၏ဦးဆောင်မှုအောက်၌ အရန်အဖြစ် ပွဲစဉ်ခြောက်ပွဲမျှသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ၎င်းအနေနှင့် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရနိုင်ရန်အတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်မည့် မန်ယူထံသို့ မော်ရာက လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အလွန်အမင်း ပြောင်းရွှေ့ခွင့်ရလိုလျက်ရှိသည်။

ဘော်ဒိုး၊ နန်တက်စ်၊ နိုက်စ်နှင့် ဘက်တစ်တို့သည်လည်း မော်ရာကိုခေါ်ယူနိုင်ရန်အတွက် မန်ယူနှင့်အပြိုင် စောင့်ကြည့်မှုများရှိနေပြီး ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ၀န်းကျင် ရရှိနိုင်မည်ဆိုပါက မော်ရာကို လက်လွှတ်လိုက်ရန် ပီအက်စ်ဂျီက ဆုံးဖြတ်ထားပြီလည်းဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် မော်ရာကိုခေါ်ယူရန် ဆန္ဒရှိနေသော်လည်း ပထမအဆင့်အဖြစ် အငှားခေါ်ယူရန်သာ ဆန္ဒရှိနေပြီး ၎င်း၏နည်းဗျူဟာများဖြင့် အံဝင်ခဲ့မည်ဆိုမှသာလျှင် အပြီးသတ်စာချုပ် ချုပ်ဆိုရေးကို မော်ရင်ညိုက စဉ်းစားသွားဖွယ်ရှိနေသည်။




FOLLOW US