News

အာဆင်နယ်ကို စွန့်ခွာရန် ဆန္ဒရှိနေပြီဟု ကော့စီရယ်လ်နီ အသိပေးထားကြောင်း လိုရီးယန့်ဥက္ကဋ္ဌ ပြောကြား

လန်ဒန်၊ နိုဝင်ဘာ ၂၉

ပြင်သစ်လီဂူးကလပ် လိုရီးယန့်အသင်းဥက္ကဋ္ဌ လိုအစ်ဖီရေးသည် အာဆင်နယ်နောက်ခံလူ ကော့စီရယ်လ်နီမှာ အာဆင်နယ်ကို စွန့်ခွာ၍ အသင်းပြောင်းရွှေ့ကစားလိုစိတ်ရှိနေပြီဖြစ်ကြောင်းကို ၎င်းနှင့်တွေ့ဆုံစဉ်တွင် ဖွင့်ဟပြောကြားသွားခဲ့သည်ဟု သတင်းမီဒီယာများကို အသိပေးလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ကော့စီရယ်လ်နီသည် လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်၌ လိုရီးယန့်မှနေ၍ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းနှင့် အာဆင်နယ်အသင်းအကြား၌ ၂၀၂၀ ပြည့်နှစ်တိုင်သည်အထိ စာချုပ်သက်တမ်းရှိနေဆဲဖြစ်သည်။

လိုအစ်ဖီရီသည် လွန်ခဲ့သည့်သီတင်းပတ်၌ ကော့စီရယ်လ်နီနှင့် လန်ဒန်မြို့တွင် တွေ့ဆုံခဲ့ရာ၌ လိုရီးယန့်ထံသို့ ပြန်လည်လာရောက်၍ ကစားသမားဘ၀ကို အဆုံးသတ်လိုခြင်း ရှိ၊ မရှိ မေးမြန်းစုံစမ်းခဲ့ပြီး ကော့စီရယ်လ်နီ၏ပြောစကားများအရ အာဆင်နယ်နှင့် ချုပ်ဆိုထားသည့် လက်ရှိစာချုပ် သက်တမ်းကုန်ဆုံးပြီးချိန်တွင် ကော့စီရယ်လ်နီမှာ အသင်းထံသို့ ပြန်ရောက်လာနိုင်ကြောင်း လိုအစ်ဖီရီက မျှော်လင့်ချက်ထားရှိနေပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် လိုအစ်ဖီရီက “ကော့စီရယ်လ်နီဟာ အာဆင်နယ်ကို စွန့်ခွာချင်စိတ်ရှိနေပါပြီ။ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အာဆင်နယ်အတွက် သူကစားပေးမယ်၊ မကစားပေးဘူးဆိုတာကို ဘယ်သူကမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ကစားခဲ့မယ်ဆိုရင်တောင် ဒီစာချုပ်ဟာ အာဆင်နယ်နဲ့သူ့အကြားက နောက်ဆုံးစာချုပ်ဖြစ်လာပါလိမ့်မယ်။ သူ့ကို လိုရီးယန့်ဆီပြန်လာပြီး ကစားသမားဘ၀ အဆုံးသတ်ချင်စိတ်ရှိသလားလို့လည်း ကျွန်တော်မေးထားပါတယ်။ သူသာ ကျွန်တော်တို့ဆီကို ပြန်လာပြီး ကစားသမားဘ၀ အဆုံးသတ်မယ်ဆိုရင် တကယ့်ကို ကျေနပ်ဖွယ်ရာအတိ ဖြစ်ရမှာပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US