News

06-Sep-2018

Liverpool Soccer Premier League Lllna
ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှနေ၍ လယ်လာနာ နုတ်ထွက်၊ ပီအက်စ်ဂျီနှင့်ပွဲစဉ်တွင် လီဗာပူးအတွက် ပြန်လည်ပွဲထွက်ပေးနိုင်ရန် ရည်မှန်း

လန်ဒန်၊ စက်တင်ဘာ ၆

လီဗာပူးကွင်းလယ်ကစားသမား လယ်လာနာသည် ညို့သကျည်းဒဏ်ရာပြဿနာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှနေ၍ နုတ်ထွက်လိုက်ပြီဖြစ်ပြီး လယ်လာနာမှာ အသင်းနှင့်အတူ လေ့ကျင့်ရေးဆင်းရာတွင် ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ကလည်း အတည်ပြုထားပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

အသက် ၃၀ အရွယ်ရှိ လယ်လာနာသည် ယမန်နှစ်ဘောလုံးရာသီ၌လည်း ဒဏ်ရာပြဿနာများဖြင့် အဆက်မပြတ် ရင်ဆိုင်ခဲ့ရပြီး ယခုတစ်ကြိမ်ရရှိသည့်ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိသည့်အတွက် သီတင်းပတ်အနည်းငယ်ခန့် အနားယူပြီးပါက လယ်လာနာမှာ ပြိုင်ပွဲများ ပြန်လည်ပါဝင်ကစားရန်အတွက် ကြံ့ခိုင်မှုပြည့်ဝလာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း လီဗာပူးအသင်းက သတင်းထုတ်ပြန်ထားသည်။

လီဗာပူးအသင်းသည် နိုင်ငံတကာပွဲစဉ်သီတင်းပတ်အပြီးတွင် ပြန်လည်ကျင်းပမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၅)၌ စပါးအသင်းကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်ကို လယ်လာနာ ပါဝင်ကစားနိုင်ရန် မသေချာသော်လည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပီအက်စ်ဂျီကို အိမ်ကွင်းအန်ဖီးလ်၌ ဧည့်ခံရမည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကိုမူ လယ်လာနာ ကစားနိုင်လိမ့်မည်ဟု လီဗာပူးအသင်းဆေးအဖွဲ့က ယူဆထားသည်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် လယ်လာနာမတိုင်မီတွင် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား စတာလင်းကို နောက်ကျောဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းလူစာရင်းမှနေ၍ နုတ်ထွက်ခွင့်ပေးလိုက်ရပြီး စတာလင်း၏နေရာကို အစားဖြည့်ရန် ၎င်းအနေနှင့် ကစားသမားရွေးချယ်ခေါ်ယူရန် အစီအစဉ်မရှိဟု ဆောက်ဂိတ်က ပြောကြားထားသော်လည်း လက်ရှိတွင် လယ်လာနာကိုပါ ထပ်မံလက်လွှတ်လိုက်ရခြင်းကြောင့် ကစားသမားအစားထိုးခေါ်ယူရေးအစီအစဉ်ကို နည်းပြဆောက်ဂိတ်က ပြန်လည် သုံးသပ်လာဖွယ်ရှိနေသည်။




FOLLOW US