News

ရတ်ရှ်ဖို့ဒ်ကို မန်ယူ စာချုပ်သစ်ချုပ်ရန် ဆွေးနွေးမည်၊ လင်ဒီလော့ဖ်ကိုခေါ်ယူရန် အဲဗာတန် ကမ်းလှမ်း

မန်ချက်စတာ၊ ဇွန် ၁၂

မန်ယူအသင်းသည် လူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ရတ်ရှ်ဖို့ဒ်နှင့် မန်ယူအကြားတွင် စာချုပ်သစ်ဆွေးနွေးမှု စတင်နိုင်ကြောင်း Daily Star က ဖော်ပြထားသည်။

ရတ်ရှ်ဖို့ဒ်နှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် သက်တမ်းအားဖြင့် ၂ နှစ် ကျန်ရှိနေဆဲဖြစ်ပြီး ယင်းစာချုပ်တွင် စာချုပ်၏ကန်ထရိုက်သက်တမ်းကို အသင်းဘက်က အလိုအလျောက် တစ်နှစ်ထပ်တိုးနိုင်ရန်လည်း မန်ယူက သဘောတူညီမှုရယူထားသည်။

ရတ်ရှ်ဖို့ဒ်သည် လက်ရှိတွင် မန်ယူထံ၌ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင် ၈၀,၀၀၀ သာ ရရှိနေပြီး အသင်းဘက်က ကမ်းလှမ်းမည့် စာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက ရတ်ရှ်ဖို့ဒ်၏တစ်ပတ်လုပ်ခမှာ ပေါင် ၁၃၀,၀၀၀ သို့ မြင့်တက်သွားတော့မည်ဖြစ်သည်။

အဲဗာတန်အသင်းသည် မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ကို ခေါ်ယူရန် ကမ်းလှမ်းဆက်သွယ်နေပြီဖြစ်ပြီး မန်ယူနည်းပြ မော်ရင်ညိုမှာလည်း ၎င်းအလိုရှိသော စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ကို ခေါ်ယူရရှိခဲ့ပါက စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ဘေလ်လီနှင့် လင်ဒီလော့ဖ်တို့အနက်မှ တစ်ဦးကို လက်လွှတ်လိုက်ဖွယ်ရှိနေပြီဖြစ်သည်။

လင်ဒီလော့ဖ်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘင်ဖီကာမှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၁ ဒသမ ၅ သန်းပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး နည်းပြမော်ရင်ညို၏လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသောအခြေအနေများကြောင့် လင်ဒီလော့ဖ်မှာ မန်ယူထံတွင် အခွင့်အရေး မရနိုင်ပါက အသင်းပြောင်းရန် ကျိန်းသေစဉ်းစားလာဖွယ်ရှိနေသည်။

အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗားသည် အားကစားဒါရိုက်တာ မာဆယ်လ်ဘရန်းဒ်နှင့်တိုင်ပင်၍ အသင်းရှိ ပိုလျှံကစားသမားများကို ရောင်းထုတ်ရန် ဦးစွာပထမ စီစဉ်နေပြီး အသင်းကြီးအဆင့်တွင် ကစားသမား ၃၅ ဦးအထိ ရှိနေသည်ကို လွန်စွာ များပြားလွန်းလှသည့်ပမာဏဟု နည်းပြ မာကိုဆေးလ်ဗားက ယူဆနေကြောင်း၊ အသင်းကြီးအဆင့်တွင် မာကိုဆေးလ်ဗား ထားရှိလိုသော ကစားသမားအရေအတွက်မှာ ၂၅ ဦးမှ ၃၀ ဦး ၀န်းကျင်သာရှိမည်ဖြစ်၍ ကစားသမားအချို့ကို အရောင်းဈေးကွက် တင်ရတော့မည်ဖြစ်ကြောင်း မာဆယ်လ်ဘရန်းဒ်က ရှင်းပြထားသည်။




FOLLOW US