News

23-May-2018

Soccer Premier League Everton Rooney DC United
ဒီစီယူနိုက်တက်သို့ ပြောင်းရွှေ့ရေးအတွက် နောက်ဆုံးအဆင့်ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုသို့ ရူနီ ရောက်ရှိ

လော့စ်အိန်ဂျလိစ်၊ မေ ၂၃

အဲဗာတန်တိုက်စစ်မှူး ရူနီသည် အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့ရန်အတွက် နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်ရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အပြုသဘောဆောင်သည့် သဘောတူညီချက်များ ရရှိထားပြီဖြစ်၍ များမကြာမီအချိန်အတွင်း ရူနီမှာ ဒီစီယူနိုက်တက်ကစားသမားဖြစ်လာရန် အခြေအနေကောင်းမွန်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ရူနီသည် ၎င်း၏မိသားစုနှင့်အတူ ဘာဘားဒို့စ်ကမ်းခြေသို့ အပန်းဖြေခရီးရောက်ရှိနေရာမှနေ၍ အပြောင်းအရွှေ့ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းရန် အမေရိကန်ပြည်ထောင်စုသို့ ခရီးထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဒီစီယူနိုက်တက်မှာ ရူနီကို တစ်နှစ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင် ၃ ဒသမ ၇၃ သန်း ပေးချေသွားရန် စီစဉ်ထားကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ရူနီသည် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက ၎င်း၏မိသားစုနေထိုင်ရန်အတွက် နေအိမ်တစ်လုံး ရှာဖွေနေပြီလည်းဖြစ်ကာ နေအိမ်ရှာဖွေခြင်းကို မြောက်ပိုင်းဗာဂျီးနီးယားဒေသတွင် ရူနီက လုပ်ဆောင်လျက်ရှိကြောင်း ဒီစီယူနိုက်တက်အသင်းတာဝန်ရှိသူတစ်ဦးက ဖွင့်ဟအသိပေးသွားခဲ့သည်။

ဒီစီယူနိုက်တက်သည် ရူနီကို ခေါ်ယူနိုင်ခဲ့ပါက လက်ရှိတွင် အသင်း၏လေ့ကျင့်ရေးအစီအစဉ်များ၌သာ ထည့်သွင်းထားခွင့် ရှိလိမ့်မည်ဖြစ်ပြီး အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲ၏ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ လာမည့် ဇူလိုင်လ ၁၀ ရက်နေ့သို့ရောက်မှ ပြန်လည်ဖွင့်လှစ်လိမ့်မည်ဖြစ်သဖြင့် ယင်းအချိန်သို့ရောက်မှသာ ရူနီကို အသင်းတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဒီစီယူနိုက်တက်က မှတ်ပုံတင်ခွင့်ရရှိနိုင်လိမ့်မည်ဖြစ်သည်။




FOLLOW US