News

05-Jun-2018

Soccer Real Madrid Neymar PSG Ligue
ရီးရဲလ်မက်ဒရစ်ဘက်က တံခါးဖွင့်ထားသည်ကို နေမာ သိရှိထားပြီးဖြစ်သည်ဟု ဖခင်ဖြစ်သူ အသိပေး

မက်ဒရစ်၊ ဇွန် ၅

နေမာ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ၎င်း၏ဖခင်ဖြစ်သူသည် နေမာမှာ ရီးရဲလ်မက်ဒရစ်ဘက်က အပြောင်းအရွှေ့အတွက် တံခါးဖွင့်ထားသောအခြေအနေကို နားလည်သဘောပေါက်ထားပြီးဖြစ်သည့်အတွက် အနာဂတ်နှင့်သက်ဆိုင်သည့် အရေးပါသောဆုံးဖြတ်ချက်တစ်ရပ်ကို များမကြာမီတွင် ချမှတ်သွားဖွယ်ရှိနိုင်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု AS က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်ကစားသမားအများစုသည်လည်း လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းထံသို့ နေမာ ပြောင်းရွှေ့ရောက်ရှိလာကြလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပြီး ပီအက်စ်ဂျီအသင်းမှာလည်း ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် မငြိစွန်းစေရန်အတွက် နေမာနှင့် အမ်ဘတ်ပေတို့အနက်မှနေ၍ တစ်ဦးကို ပြန်လည်ရောင်းထုတ်လိုက်ရဖွယ်အခြေအနေများ ရှိနေသည်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား မိုဒရစ်သည် ဘရာဇီးက ခရိုအေးရှားကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော နိုင်ငံတကာခြေစမ်းပွဲအပြီးတွင် နေမာနှင့် ဂျာစီအင်္ကျီချင်း လဲလှယ်ခဲ့ပြီး ယင်းသို့ အင်္ကျီချင်း အမှတ်တရလဲလှယ်ချိန်၌ မိုဒရစ်က နေမာကို “ရီးရဲလ်မက်ဒရစ်တစ်သင်းလုံးက ခင်ဗျားရောက်လာမယ့်အချိန်ကို စောင့်မျှော်နေတာနော်”ဟု အသိပေးလိုက်သေးသည်။

နေမာသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီအတွင်း၌ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်သို့သာ ပီအက်စ်ဂျီအသင်း တက်လှမ်းနိုင်ခဲ့သည်ကို ဘ၀င်မကျဖြစ်နေပြီး ပြင်သစ်လီဂူးအမှတ်ပေးပြိုင်ပွဲ၏အဆင့်အတန်းမှာလည်း ၎င်းမျှော်မှန်းထားထက် များစွာနိမ့်ကျနေကြောင်း နေမာက ပြောကြားထားသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် နေမာ၏ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မည်မှာ လက်ရှိတွင် ရီးရဲလ်မက်ဒရစ် တစ်သင်းတည်းသာရှိကြောင်း အသိပေးသွားခဲ့ပြီး ပီရက်ဇ်မှာ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၌ နေမာအပြောင်းအရွှေ့အတွက် နေမာ၏ဖခင်နှင့်တွေ့ဆုံကာ စုံစမ်းမေးမြန်းခဲ့သေးသည်။




FOLLOW US