News

03-Jun-2018

Soccer Manchester United PSG Ligue Varratti
ကွင်းလယ်ကို အားဖြည့်ရန်အတွက် ဗာရတ်တီကို ခေါ်ယူရန် မော်ရင်ညို စီစဉ်၊ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၅ သန်း သုံးမည်

မန်ချက်စတာ၊ ဇွန် ၃

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ပီအက်စ်ဂျီကွင်းလယ်လူ ဗာရတ်တီကိုခေါ်ယူရန် စီစဉ်လိုက်ပြီဖြစ်ပြီး ဗာရတ်တီကို ရရှိနိုင်ရေးအတွက် မန်ယူက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၅ သန်းအသုံးပြုရန် ရည်မှန်းလျက်ရှိကြောင်း The Sun က ဖော်ပြထားသည်။

မန်ယူသည် ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ်ကို ခေါ်ယူနိုင်ရန် အပြီးသတ်သဘောတူညီချက်များ ရရှိလိုက်အပြီးတွင် ဗာရတ်တီဘက်သို့ ဆက်လက် ဦးလှည့်လိုက်ခြင်းဖြစ်ပြီး ပေါ့ဂ်ဘာ၊ ဖရက်ဒ်နှင့် ဗာရတ်တီတို့ကို တွဲဖက်အထိုင်ချလိုက်နိုင်မည်ဆိုပါက မန်ယူကွင်းလယ်မှာ ပြီးပြည့်စုံသောအခြေအနေတစ်ရပ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု နည်းပြ မော်ရင်ညိုက အခိုင်အမာ ယုံကြည်လျက်ရှိသည်။

မော်ရင်ညိုသည် ကစားသမားဘ၀က အနားယူသွားခဲ့ပြီဖြစ်သော ဝါရင့်ကွင်းလယ်လူ ကာရစ်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ဖရက်ဒ်ကို ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ဗာရတ်တီကိုမူ အသင်းဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို ငြင်းဆန်ပယ်ချ၍ အသင်းပြောင်းရန် စီစဉ်နေသော ဖယ်လိုင်နီ၏နေရာအတွက် မော်ရင်ညိုက အလိုရှိနေခြင်းဖြစ်သည်။

ဗာရတ်တီသည် ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ဇာဗီးကဲ့သို့ ပွဲတစ်ပွဲကို ကွင်းလယ်မှနေရာ ထိန်းချုပ်ကာ အလှည့်အပြောင်းအခြေအနေကို ဖန်တီးပေးနိုင်စွမ်းရှိသူအဖြစ် တင်စားချီးကျူးခံထားရပြီး ၎င်းကို ရရှိနိုင်ရေးအတွက် မန်ယူမှာ ဂျူဗင်တပ်၊ ဘာစီလိုနာတို့နှင့် ယှဉ်ပြိုင်ကြိုးပမ်းရဖွယ်ရှိနေသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဗာရတ်တီသည် ပီအက်စ်ဂျီထံတွင် ဘောလုံးရာသီ ခြောက်ရာသီကြာ ကစားသမားဘ၀ဖြတ်သန်းခဲ့ပြီးပြီဖြစ်ကာ ၎င်းကို ယမန်နှစ်ဘောလုံးရာသီ၌ ဘာစီလိုနာက ခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းခဲ့သော်လည်း ပီအက်စ်ဂျီဘက်က တောင်းဆိုခဲ့သော ပြောင်းရွှေ့ကြေးပမာဏမှာ မတန်တဆ များပြားလွန်းခဲ့သည့်အတွက် အဆုံးသတ်တွင် အပြောင်းအရွှေ့ဆွေးနွေးမှုများမှာ ပျက်ပြယ်သွားခဲ့ရဖူးသည်။




FOLLOW US