News

08-Jul-2018

Soccer World Cup England
အင်္ဂလန်အသင်း ဗိုလ်လုပွဲတက်နိုင်ခဲ့ပါက ရုရှားနိုင်ငံသို့ အင်္ဂလန်အစိုးရအာဏာပိုင်များ သွားရောက်မည်

လန်ဒန်၊ ဇူလိုင် ၈

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဗိုလ်လုပွဲအဆင့်သို့ အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း တက်ရောက်နိုင်ခဲ့ပါက အသင်းကို အားပေးရန်အတွက် ရုရှားနိုင်ငံအပေါ် သပိတ်မှောက်ထားမှုများကို ခေတ္တရုပ်သိမ်း၍ ပွဲကြည့်ရှုရန် သွားရောက်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဗြိတိန်အစိုးရအာဏာပိုင်များသည် ဗြိတိန်နိုင်ငံတွင် ရုရှားသူလျှိုဟောင်း ဆာဂျီ ဆခရစ်ပယ်လ်နှင့် ၎င်း၏သမီးဖြစ်သူ ယူလီယာတို့ အာရုံကြောထိခိုက်စေသည့် အဆိပ်တစ်မျိုးဖြင့် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ကို ရုရှားအစိုးရ၏လက်ချက်ဟု စွပ်စွဲပြစ်တင်ထားပြီး လက်ရှိတွင် ယင်းကိစ္စရပ်အတွက် နှစ်နိုင်ငံအကြား သဘောထားတင်းမာမှုများ မြင့်တက်နေပြီလည်းဖြစ်သည်။

ဗြိတိန်နိုင်ငံတစ်ဝန်းတွင် ရုရှားလူမျိုးဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်ပေါ်နေသည့်အပြင် ရုရှားနိုင်ငံသားများ၏ပြည်ဝင်ခွင့်ကို ဗြိတိန်အစိုးရက တင်းကျပ်လိုက်ခြင်းကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင် အီဘရာဟီမိုဗစ်ကဲ့သို့သောပုဂ္ဂိုလ်မျိုးပင် အခက်တွေ့နေရပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပြိုင်ပွဲဝင်ခွင့်ရသည့် နိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များ အဆက်မပြတ် လာရောက်နေကြသော်လည်း ဗြိတိန်ကမူ လက်ရှိအချိန်တိုင်သည်အထိ သပိတ်မှောက်ထားဆဲဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ၂၈ နှစ်အကြာတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဆီမီးဖိုင်နယ်အဆင့်သို့ တစ်ကျော့ပြန်လည် တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲအဆင့်သို့ အင်္ဂလန်အသင်း ဆက်လက်တက်လှမ်းနိုင်ခဲ့မည်ဆိုပါက ဗြိတိန်ဝန်ကြီးများသာမက တော်ဝင်မိသားစုဝင်များပါ ပွဲကြည့်ရှုအားပေးရန် ရုရှားသို့ သွားရောက်လိမ့်မည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။




FOLLOW US