News

ချယ်လ်ဆီးနှင့် မန်စီးတီးတိုက်စစ်မှူးဟောင်း ဂျော့ခ်ျဝီယာ လိုင်ဘေးရီးယားသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရ

လန်ဒန်၊ ဒီဇင်ဘာ ၂၇

ချယ်လ်ဆီးနှင့် မန်စီးတီးတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့ဖူးသည့် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ပိုင်ရှင်တစ်ဦးဖြစ်သည့် လိုင်ဘေးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂျော့ခ်ျဝီယာသည် လိုင်ဘေးရီးယားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရကာ နိုင်ငံ၏သမ္မတသစ်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂျော့ခ်ျဝီယာသည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းအတွက် ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပြီး လိုင်ဘေးရီးယားပြည်သူများအတွက် ယခုထက် ပိုမိုကောင်းမွန်သည့် လူမှုဘ၀ကို ပိုင်ဆိုင်ရရှိနိုင်စေရန် ၎င်း၏သမ္မတသက်တမ်းအတွက် အစွမ်းကုန် အားစိုက်လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲအနိုင်ရကြောင်း တရားဝင်ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာအပြီးတွင် ဂျော့ခ်ျဝီယာက ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

ဂျော့ခ်ျဝီယာသည် လိုင်ဘေးရီးယားနိုင်ငံသမိုင်းတွင် ၂၅ ဦးမြောက် သမ္မတအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကာ ဒုသမ္မတအဖြစ် လိုင်ဘေးရီးယားနိုင်ငံ၏ ၂၂ ဦးမြောက် သမ္မတဖြစ်ခဲ့သော ချာလက်စ်တေလာ၏ဇနီးဖြစ်သူ ဂျီဝယ်လ် ဟောင်းဝပ် တေလာကို ဂျော့ခ်ျဝီယာက တာဝန်ပေးအပ်သွားခဲ့သည်။

ဂျော့ခ်ျဝီယာသည် လိုင်ဘေးရီးယားနိုင်ငံကို ၁၂ နှစ်ကြာဦးဆောင်ခဲ့သည့် နိုင်ငံ၏ပထမဆုံးသော ရွေးကောက်ခံ အမျိုးသမီးသမ္မတ အယ်လ်လင် ဂျွန်ဆင် ဆာလိဖ်၏နေရာကို အစားထိုးဝင်ရောက်၍ သမ္မတရာထူးကို ရယူသွားမည်ဖြစ်ပြီး ဂျော့ခ်ျဝီယာ၏ဘောလုံးကစားသမားဘ၀ဖြတ်သန်းခဲ့မှု ပုံရိပ်ဟောင်းများမှာ ၎င်းကို ရွေးကောက်ပွဲတွင် အနိုင်ရလဒ်ကို ပိုင်ဆိုင်ရရှိစေရန် ကြီးစွာသောအထောက်အပံ့များကို ပေးအပ်ခဲ့သည်ဟု အာဖရိကသတင်းမီဒီယာများက သုံးသပ်ထားကြသည်။

ဂျော့ခ်ျဝီယာသည် ဥရောပဘောလုံးလောကတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း မိုနာကို၊ ပီအက်စ်ဂျီ၊ အေစီမီလန်၊ ချယ်လ်ဆီး(အငှား)၊ မန်စီးတီးနှင့် မာဆေးတို့ကို ကိုယ်စားပြုခွင့်ရခဲ့ပြီး အေစီမီလန်ထံတွင် ကစားသမားဘ၀ဖြတ်သန်းနေစဉ်ကာလအတွင်း ၎င်းက ဘလွန်းဒီအော်ဆုကို ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။



FOLLOW US