News

20-Aug-2018

Soccer Serie A Lazio
လာဇီယိုအသင်းအားပေးသူ အမျိုးသမီးပရိသတ်များကို ပွဲကြည့်စင်တစ်ခုတွင် ပွဲမကြည့်ရန် အကြောင်းကြားစာပို့

ရောမ၊ သြဂုတ် ၂၀

လာဇီယိုအသင်းကို အမာခံအားပေးသော ပရိသတ်အင်အားစုအဖွဲ့သည် အသင်း၏အမျိုးသမီးပရိသတ်များထံသို့ လက်ရှိဘောလုံးရာတွင် အသင်း၏ပွဲကြည့်စင်တစ်ခု၌ ပွဲတက်ရောက်ကြည့်ရှုအားပေးသောလုပ်ရပ်ကို မလုပ်ကြရန် အကြောင်းကြားစာပေးပို့လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

လာဇီယိုအသင်းကို အမာခံအားပေးသော ပရိသတ်အင်အားစုအဖွဲ့သည် အမျိုးသမီးပရိသတ်များကို အသင်းပိုင် အိုလံပစ်ဘောလုံးကွင်း၏မြောက်ဘက်အရပ်ရှိ ကာဗာနော့ဒ်ပွဲကြည့်စင်တွင် ပွဲတက်ရောက်ကြည့်ရှုအားပေးခြင်း မလုပ်ကြရန် သတိပေးလိုက်ခြင်းဖြစ်ကာ ယင်းပွဲကြည့်စင်အတွက် ယခုနှစ်တွင် လက်မှတ်ဖြတ်ထားသောပရိသတ်များမှာ ဆိုးသွမ်းပရိသတ်အုပ်စုဝင်များဖြစ်သည်ဟု လာဇီယိုအသင်းကို အမာခံအားပေးသော ပရိသတ်အင်အားစုအဖွဲ့က အသိပေးထားသည်။

လာဇီယိုအသင်းကို အမာခံအားပေးသော ပရိသတ်အင်အားစုအဖွဲ့သည် ကာဗာနော့ဒ်ပွဲကြည့်စင်၏ရှေ့ဆုံး ၁၀ တန်းအတွက် ဆိုးသွမ်းပရိသတ်အများစုပါဝင်သောအဖွဲ့က လက်မှတ်ဖြတ်ထားကြောင်း သတင်းအခိုင်အမာ ရရှိထားသည့်အတွက် ယခုကဲ့သို့ အကြောင်းကြားစာပေးပို့၍ အမျိုးသမီးပရိသတ်များကို သတိပေးလိုက်ခြင်းဖြစ်ကာ အခြားသောပရိသတ်များအနေနှင့်လည်း ယင်းပွဲကြည့်စင်ကိုရှောင်ရှား၍ အခြားသော ပွဲကြည့်စင်များ၌ လက်မှတ်ဝယ်ယူခြင်းက ဘေးအန္တရာယ်ကင်းနိုင်လိမ့်မည်ဟု လာဇီယိုအသင်းကို အမာခံအားပေးသော ပရိသတ်အင်အားစုအဖွဲ့က ပြောကြားထားသေးသည်။

လာဇီယိုအသင်းပရိသတ်များသည် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ထားသော သတိထားစောင့်ကြည့်ရမည့် ဆိုးသွမ်းပရိသတ်များစာရင်းတွင် ထိပ်ဆုံးဘက်၌ ပါဝင်လျက်ရှိပြီး ယင်းပရိသတ်ဆိုးများမှာ ဆီးမိုက်လူမျိုးဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ခြင်း၊ လူမျိုးရေးခွဲခြားစော်ကားခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်တတ်လေ့ရှိခြင်း စသည့်အမူအကျင့်များကြောင့် အမြဲတစေပင် အရေးယူခံရလေ့ရှိသည်။




FOLLOW US