News

တင်းမာမှုများလျှော့ချလိုပြီး ရုရှားနှင့်ဆက်ဆံရေး မြှင့်တင်လိုကြောင်း NATO အတွင်းရေးမှူးချုပ် ပြောကြား


ဘရပ်ဆဲလ်၊ ဇွန်၂၀

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သည် ပိုမိုအားကောင်းခိုင်မာလာသော ရုရှားနှင့်ရင်ဆိုင်နိုင်ရေးအလိုက် သင့်ပြောင်းလဲနိုင်ရန် လိုအပ်သလို ဆက်ဆံရေးမြှင့်တင်ရန်လည်း ဆန္ဒရှိကြောင်း အဖွဲ့၏ အတွင်းရေးမှူးချုပ်ယန်းစတိုလ်တန် ဘာ့ဂ်ျက DW သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမှု ကောက်နုတ်ချက်တွင် ဖော်ပြထားသည်။

မော်စကိုသည် သမားရိုးကျနှင့် နျူကလီးယားလက်နက်နှစ်မျိုးစလုံးတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အိမ်နီးချင်းများအပေါ်တွင် အင်အားသုံးဖြေရှင်းနေကြောင်း စတိုလ်တန်ဘာ့ဂ်ျက ယူကရိန်းလက်ရှိပဋိပက္ခနှင့် ယခင်နှစ်များက ဖြစ်ပွားခဲ့သော ဂျော်ဂျီယာစစ်ဆင်ရေးကို ကိုးကားပြီး ထောက်ပြခဲ့သည်။

“မော်စကိုဟာ မော်လ်ဒိုဗာမှာလည်း မော်လ်ဒိုဗာအစိုးရ သဘောတူညီချက်မပါဘဲ တပ်စွဲထားပါတယ်။ ဒီနှစ်ပိုင်းအတွင်းဖြစ် ပေါ်လာတဲ့ပုံစံအရတော့ တုံ့ပြန်မှုတစ်ခုလိုအပ်နေပါပြီ”ဟု စတိုလ်တန်ဘာ့ဂ်ျက သုံးသပ်သည်။

“ရုရှားလုပ်သလို ကျွန်တော်တို့က ထပ်တူလိုက်လုပ်ဖို့မဟုတ်ပါဘူး။ တင့်ကားတင့်ကားချင်း၊ ဒုံးကျည်ဒုံးကျည်ချင်း၊ နျူကလီးယားလက်နက်ကို နျူကလီးယားလက်နက်ချင်း တုံ့ပြန်ဖို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုမိုအားကောင်းခိုင်မာလာတဲ့ ရုရှားက ခေတ်မီလက်နက်ကိရိယာတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာချိန်မှာ NATO အဖွဲ့အနေနဲ့လည်း အလိုက်သင့်ပြောင်းလဲဖို့လိုအပ်ပါတယ်”ဟု စတိုလ်တန်ဘာ့ဂ်ျက ပြောကြားသည်။

“ကျွန်တော်တို့က စစ်အေးခေတ်သစ်ကို လိုချင်တာတော့မဟုတ်ဘူး။ လက်နက်ပြိုင်ပွဲသစ်လည်း မလိုချင်ဘူး။ ရုရှားကို အထီးကျန်ဖြစ်အောင်လုပ်နေတာလည်း မဟုတ်ဘူး။ နေတိုးအတွက်ကတော့ မျှခြေလို့ခေါ်ရမှာပေါ့၊ ကာကွယ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို ပေါင်းစပ်ထားတာမျိုးပါ။ ကာကွယ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးနှစ်ခုထဲ ဘယ်ဟာရွေးမလဲဆိုတာမျိုးတော့မဟုတ်ဘူး။ ကျွန်တော်တို့အားကောင်းနေသမျှ ကာလပတ်လုံး၊ ယုံကြည်စိတ်ချရနိုင်တဲ့ အရန်အတားရှိနေသမျှ ကာလပတ်လုံး ရုရှားနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လုပ်နိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု စတိုလ်တန်ဘာ့ဂ်ျက ပြောကြားသည်။

နေတိုးနှင့်ရုရှားသည် ဘော်လ်တစ်နိုင်ငံများနှင့် အရှေ့ဥရောပတွင် အန္တရာယ်များသည့် တပ်ဖြန့်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း အပြန်အလှန်စွပ်စွဲခဲ့သည်။ ဧပြီလတွင် ရုရှားက ဘော်လ်တစ်ပင်လယ်အတွင်း ကျည်အစစ်ဖြင့်စစ်ရေး လေ့ကျင့်ခဲ့ရာ လတ်ဗီးယားနှင့်ဘက်မလိုက် နိုင်ငံ ဆွီဒင်တို့ အထိတ်တလန့်ဖြစ်ခဲ့ရသည်။

သို့ဖြစ်ရာ ယခုလစောပိုင်းတွင် ပိုလန်က သူ့နိုင်ငံအတွင်း အမေရိကန်အမြဲတမ်း လေတပ်စခန်း တည်ဆောက်ရေး ဒေါ်လာ ၂ ဘီလီယံ ကုန်ကျမည့်အစီအစဉ်တွင် ၎င်းတို့ဘက်က ပါထည့်ဝင်လိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

NATO မဟာမိတ်အဖွဲ့၏ အရှေ့ပိုင်းဒေသများတွင် စစ်သည်များတပ်စွဲခြင်း၊ ဘော်လတစ်ဒေသနိုင်ငံများတွင် တပ်စွဲခြင်း၊ ပိုလန်တွင် တပ်စွဲခြင်းဖြင့် နေတိုးသည် မဟာမိတ်အားလုံးကို ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးနေကြောင်း ဖော်ပြရာရောက်သည်ဟု စတိုလ်တန်ဘာ့ဂ်ျက မှတ်ချက်ပေးခဲ့သည်။

F-03



FOLLOW US