News

08-May-2018

Soccer Premier League Arsenal Koscielny
ခြေဖနောင့်ကြောစုတ်ပြဲဒဏ်ရာကြောင့် ကော့စီရယ်လ်နီ ခြောက်လ နားရမည်

လန်ဒန်၊ မေ ၈

အာဆင်နယ်နောက်ခံကစားသမား ကော့စီရယ်လ်နီသည် အက်သလက်တီကိုက အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ရရှိခဲ့သော ခြေဖနောင့်ကြောစုတ်ပြဲဒဏ်ရာကြောင့် ခြောက်လကြာ အနားယူရတော့မည်ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကော့စီရယ်လ်နီသည် ယင်းဒဏ်ရာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ကာ ကော့စီရယ်လ်နီမှာ အစောဆုံးအဖြစ် လာမည့်ဒီဇင်ဘာလသို့ရောက်မှသာ အသင်းအတွက် ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း အာဆင်နယ်အသင်းဆေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။

အာဆင်နယ်အသင်းဆေးအဖွဲ့သည် ကော့စီရယ်လ်နီမှာ ဒဏ်ရာအလျဉ်းသက်သာပျောက်ကင်းစေရန်အတွက် ခွဲစိတ်ကုသမှု မဖြစ်မနေ ခံယူရတော့မည်ဟု ရှင်းပြထားပြီး ယင်းသို့ခွဲစိတ်ကုသရမည့်အခြေအနေကြောင့် ကော့စီရယ်လ်နီမှာ ကာလရှည်နားရမည့်အရေးကို ကြုံဆုံရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။

အာစင်ဝင်းဂါး၏နေရာကို အစားဝင်၍ အာဆင်နယ်နည်းပြသစ်အဖြစ် တာဝန်ထမ်းဆောင်မည့်သူသည် ကော့စီရယ်လ်နီ၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းအဆင့်ကစားသမားတစ်ဦးခေါ်ယူပေးပါရန် မလွဲမသွေ တောင်းဆိုသွားဖွယ်ရှိနေပြီဖြစ်ပြီး ယင်းအချက်မှာ အပြောင်းအရွှေ့အသုံးစရိတ်ကို စိစစ်လိုသည့် အာဆင်နယ်ဒါရိုက်တာဘုတ်အဖွဲ့အတွက် ထိုးနှက်ချက်တစ်ရပ် ကျိန်းသေဖြစ်လာတော့မည်ဖြစ်သည်။




FOLLOW US