News

အိမ်ထောင်ရေးဖောက်ပြန်သည့် ဇနီးကို ခင်ပွန်းက ဓားနှင့်ခုတ်သတ်
မန္တလေး၊ ဇူလိုင် ၎

မတ္တရာမြို့နယ် အောင်မြေအေးကျေးရွာတွင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးသည် အခြားအမျိုးသားတစ်ဦးနှင့်ဖောက်ပြန်နေသည်ကို ခင်ပွန်းဖြစ်သူက ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းကတွေ့ရှိခဲ့ပြီး ဓားနှင့်ခုတ်သတ်ခဲ့ကြောင်း ရေနံ့သာကျေးရွာရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ဒီအမျိုးသားက ညတစ်နာရီလောက်မှာ အိမ်ကိုပြန်လာတော့ သူ့မိန်းမက အခြားယောက်ျားတစ်ယောက်နဲ့ အိပ်နေတာကို တွေ့သွားတာ။ အဲဒီမှာ ဒေါသမထိန်းနိုင်ဘဲ ဓားနဲ့လိုက်ခုတ်တာ။ ပြီးတော့ သူကိုယ်တိုင်ပဲ ရဲစခန်းမှာ လာအဖမ်းခံသွားတာ”ဟု ယင်းအရာရှိက ရှင်းပြသည်။

အသက် ၄၀ နှစ်ခန့်ရှိသည့် အမျိုးသားသည် ညတစ်နာရီခန့်အချိန်က ရွာထဲမှနေ၍ အိမ်ပြန်လာစဉ် ၎င်း၏ဇနီး အသက် ၄၁ နှစ်အရွယ်ရှိ အမျိုးသမီးသည် တစ်ရွာတည်းနေ အမျိုးသားတစ်ဦးနှင့် အတူအိပ်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရသိရသည်။

ခင်ပွန်းက ဓားနှင့်လိုက်ခုတ်သောကြောင့် အဆိုပါအမျိုးသားသည် ဓားဒဏ်ရာများရရှိခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ ဇနီးမောင်နှံ၌ သားသမီးလေးဦးရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားနှင့်ခုတ်ခဲ့သူကို ရေနံ့သာ ကျေးရွာရဲစခန်းက အပြင်းအထန် နာကျင်စေမှု၊ လူသတ်မှုတို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ ထပ်မံသိရသည်။

M-04



FOLLOW US