News

01-May-2017

ကရင် NCA KNU
KNU ထိန်းချုပ်နယ်မြေရှိ ဒေသခံများနှင့် ဝန်ကြီးချုပ် တွေ့ဆုံ

ဘားအံ၊ မေ ၁

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ လှိုင်းဘွဲ့မြို့နယ် ရှမ်းရွာသစ်ရှိ ပြည်သူများနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ဧပြီလ ၃၀ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

ထို့ပြင် KNU တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးများ ဆွေးနွေးခဲ့ပြီး KNU တာဝန်ရှိသူများက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံများဘက်မှ ကူညီပါဝင်ကြရန် ပြောကြားခဲ့ကြောင်း ယင်းဒေသခံ နော်ဖော့အယ်က ပြောကြားသည်။

ဆွေးနွေးပြီးနောက် ပရေကျေးတိုရေတံခွန်၊ လေးကြိုကော် ရေတံခွန်၊ ကြားအင်းကြေးရွာရှိ ရေပူစမ်းသို့ သွားရောက်လေ့လာခဲ့ပြီး အဆိုပါဒေသ လမ်းပန်းဖွံ့ဖြိုးရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြသည်။

“ဒီဒေသတွေက နှစ်ပေါင်း ၆၀ ကျော် မသွားရဲ မလာရဲ ဖြစ်ခဲ့ကြတဲ့နေရာတွေ။ ကျွန်မတောင် ခုမှ ရောက်ဖူးတာ၊ ဒီလို သာယာတဲ့နေရာတွေ ဖွံ့ဖြိုးလာဖို့ ကျွန်မတို့ ဆောင်ရွက်သွားမယ်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းလာအောင် အဓိက လုပ်ရမယ်။ ဒါမှ သွားရေးလာရေး အဆင်ပြေပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာလေ”ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

ရှမ်းရွာသစ်မြို့နယ်ခွဲသည် NCA အပစ်ရပ် လက်မှတ်ထိုးထားသော KNU တပ်မဟာ (၇) နယ်မြေအတွင်း တည်ရှိပြီး၊ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် လူအများ စိတ်ဝင်စားခြင်း ခံခဲ့ရသော ပရေကျေးတို ရေတံခွန်သို့ မြေနီလမ်းဖြင့် ဆက်သွယ်ထားသည်။

ယင်းအပြင် သာယာလှပသော သဘာဝ ရေတန်ခွန် ၅ ခုထက်မနည်း တည်ရှိနေကြောင်း ကရင်အမျိုးသား အစည်းအရုံး တာဝန်ရှိသူများက ဆိုသည်။

R-17



FOLLOW US