News

11-Mar-2017

KNU
ရွှေပိသာချိန်နှင့်ချီ တူးဖော်ရရှိခဲ့သည့် ရွှေကျင်မြို့နယ်ရှိ ရွှေလုပ်ကွက်ဟောင်းကို KNU ပိတ်သိမ်း
တောင်ငူ၊ မတ် ၁၁

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အရှေ့ဘက် ၈ မိုင်ခန့်အကွာ ဝင်းခနိမ်ကျေးရွာ၊ ခလိန်ဒေသရှိ ရွှေလုပ်ကွက်ဟောင်း တစ်ခုတွင် ဒေသခံအချို့က ဖေဖော်ဝါရီလ နောက်ဆုံးပတ်ခန့်က ရွှေပိသာ ချိန်နှင့်ချီပြီး တူးဖော်ရရှိခဲ့ပြီးနောက် မတ်လ ၅ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ မှ ယင်းလုပ်ကွက်တွင် ရွှေတူးဖော်ခွင့် ပိတ်သိမ်းခဲ့ကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

“ရွှေလုပ်ကွက်ဟောင်း တစ်ခုမှာ ဒေသခံအချို့ က ပေါက်ပြားပေါက်တူးတွေနဲ့ တူးဖော်ကြရာက တစ်အိမ်ထောင်ကို ကျပ်သိန်းရာနှင့်ချီပြီး ရလိုက်ကြတာကို သိလိုက်တဲ့အတွက် အနီးတစ်ဝိုက်က ဒေသခံတွေ ရာနှင့်ချီပြီး ရောက်လာကြတာပါ။ လက်ရှိမှာတော့ ရွှေတွင်းဟောင်း လုပ်ကွက်ပိုင်ရှင်ကလည်း တူးဖော်ဖို့ ပြန်လျှောက်နေပြီး နယ်မြေခံ လက်နတ်ကိုင်အဖွဲ့ကလည်း ရွှေတွင်းကို လာရောက်တူးဖော်ခွင့် ပိတ်ထားပါတယ်” ဟု ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေကျင်မြို့နယ် အရှေဘက်ရှိ ရိုးမတစ်ကျောတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက မိရိုးဖလာ ရွှေတူးဖော်မှု လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပြီး၂၀၁၀ ခုနှစ်ခန့်မှ စတင်ကာ ဒေသခံ လုပ်ငန်းရှင်ကြီးအချို့နှင့် ကုမ္ပဏီကြီးအချို့က ဘတ်ဟိုးကြီးများ အသုံးပြုကာ တစ်နေ့လျှင် ရွှေပိသာချိန် ရာနှင့်ချီသည့်အထိ ထုတ်ယူခဲ့ကြဖူးကြောင်း၊ ယခင်နှစ်ဦးပိုင်းမှ စတင်ကာ ရွှေထွက်ရှိမှု လျော့နည်းလာသည့်အတွက် မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ် စစ်တောင်းမြစ်ကမ်းပါး ဒေသများသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုများကြောင့် လက်ရှိတွင် ရွှေကျင်မြို့နယ် ခလိန်ဒေသတွင် ရွှေတွင်းဟောင်းများ လေးငါးဆယ်ကျော်ခန့် ကျန်ရှိနေကြောင်း ရွှေကျင်မြို့ခံ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူအချို့ထံမှ စုံစမ်းသိရှိရသည်။

“ရွှေကျင်ချောင်းဖျားကနေ ကတက်ချောင်း အထက်ကို တက်သွားတဲ့နေရာက တွင်းဟောင်းမှာ ဖြစ်ခဲ့တာပါ။ အနီးတစ်ဝိုက် အိမ်ခြေ ၆၀ လောက်ရှိတဲ့ ရွာက အိမ်ထောင်စု ၄၀ ကျော်လောက်က တစ်ယောက်ကို ရွှေဆယ့်လေးငါးကျပ်သားမက ရကုန်တယ်။ လက်ရှိတော့ လုပ်ကွက်ကို ပိတ်ထားတယ်” ဟု ရွှေကျင်မြို့ ဒေသခံ ဦးဘိုကြီးက ပြောကြားသည်။

ယင်းရွှေလုပ်ကွက်ဟောင်းတွင် ရွှေကျင်မြို့နယ် ဒေသခံ ဦးသိန်းဝင်းဆိုသူနှင့် ရွှေကျွန်းကြီး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ လွန်ခဲ့သည့် နှစ်အနည်းငယ်က လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိတွင် ဒေသခံများက ရွှေတူးဖော်ရရှိမှု များပြားလာသည့် အတွက် မူလပိုင်ရှင်များက မတ်လ ၃ ရက်နေ့က အမှတ် ၂ သတ္တုတွင်းလုပ်ငန်းသို့ ပြန်လည်တူးဖော်ခွင့် လျှောက်ထားခဲ့ပြီး မတ်လ ၁၃ ရက်နေ့တွင် သတ္တုတွင်းဦးစီးဌာနသို့ ရွှေ ၂၄ ကျပ်သား ပေးသွင်းသွားမည် ဖြစ်ကြောင်း ရွှေကျင်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

“လက်ရှိမှာ လက်နတ်ကိုင်တပ်ဖွဲ့ သုံးခုလောက်က အဝေမတည့်ဘူးလို့ ကြားတယ်။ ခလိန်ကိုသွားတဲ့ လမ်းသုံးခုစလုံးကိုလည်း ပိတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေသခံအချို့ တစ်ယောက်ကို ကျပ်သိန်းရာချီ ရသွားတာကို ဝမ်းသာပါတယ်” ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် သုံးလေးငါးနှစ်ခန့်က ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေခဲ့ကြသူများသည် မြေကွက်တစ်ကွက်လျှင် ငွေကျပ်သိန်းထောင်ချီ ပေးသွင်းပြီး လုပ်ငန်းများ လုပ်ကိုင်ခဲ့ရသော်လည်း တစ်ရက် ရွှေတစ်ဆယ်သားမှ တစ်ပိသာကျော်ခန့်အထိ ရရှိသူများပင် ရှိခဲ့ကြကြောင်း၊ ယင်းနောက်တွင် ရွှေတူးဖော်ရေး လုပ်ငန်းများကို စက်ယန္တယားကြီးများဖြင့် စီးပွားဖြစ် ရင်းနှီးလုပ်ကိုင်လာသူများ ပေါ်ပေါက်လာပြီးနောက်ပိုင်း လုပ်ငန်းတစ်ခုကို လုပ်သားအင်အား ၅၀ မှ ၁၀၀ နီးပါး အသုံးပြုရသည့်အတွက် စရိတ်မကျေကြသောကြောင့် ဒေသခံ တစ်နိုင်တစ်ပိုင် ရွှေတူးဖော်သည့် လုပ်ငန်းရှင်ငယ်များ ပျောက်ကွယ်သွားခဲ့ကြောင်း ဒေသတွင်း လုပ်ငန်းရှင်အချို့က ပြောကြားသည်။ 

R-15



FOLLOW US