News

27-Jun-2018

ကရင် KNU
KNLA တပ်ရင်းမှူး စောဂေကော်မြ ကွယ်လွန်
ဘားအံ၊ ဇွန် ၂၇

ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KNLA) ၂၀၃ တပ်ရင်း၏ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောဂေကော်မြ (၄၅ နှစ်)သည် အသည်းကင်ဆာရောဂါဖြင့် ဇွန်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံ၌ ကွယ်လွန်သွားကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရသည်။

“မဲဆောက်မှာ ဆေးစစ်တာတွေလုပ်တော့ ကင်ဆာဖြစ်မှန်းသိရအပြီး ချင်းမိုင်ကိုသွားကုတယ်။ ဆေး ၄ လုံးမြောက် ထိုးပြီးတော့ သူ အားမရှိတော့လို့ နေအိမ်မှာ ပြန်လာအနားယူသေးတယ်။ အခြေအနေက ဆိုးလာတာနဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့က မဲဆောက်ဆေးရုံတင်ပြီး မနေ့က ဆုံးသွားတာပါ”ဟု ၎င်း၏ညီမဖြစ်သူ နော်ဂျနီဖာမြက ပြောကြားသည်။

လက်ရှိအချိန်တွင် ၎င်း၏ရုပ်အလောင်းကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဟွေ့မယ်ပလယ်ကျေးရွာရှိ ၎င်းတို့၏နေအိမ်၌ ပြန်လည် သယ်ဆောင်ထားရှိပြီး ဈာပနအခမ်းအနားအတွက် လိုအပ်သည်များကို မိသားစုဝင်များက စီစဉ်ဆောင်ရွက်လျက်နေကြောင်း ၎င်းကဆိုသည်။

စောဂေကော်မြသည် အိန္ဒိယနိုင်ငံ၊ အမေရိကန်နိုင်ငံတို့တွင် သွားရောက်ပညာသင်ယူခဲ့ပြီးနောက် ၂၀၀၀ ပြည့်ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အုပ်ချုပ်ရေးပိုင်းသို့ စတင် ဝင်ရောက်ခဲ့ပြီးနောက် အဖွဲ့အစည်း၏ တာဝန်ပေးချက်အရ KNU တပ်မဟာ(၄)အခြေစိုက် KNLA တပ်ရင်း ၂၀၃ တပ်ရင်းမှူးတာဝန်ကို လွှဲပြောင်းတာဝန်ယူခဲ့ရာမှာ ကွယ်လွန်ချိန်အထိဖြစ်ကြောင်း ၎င်းသည် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မြ၏ နို့ညှာသားတစ်ဦးလည်းဖြစ်သည်။

R-17



FOLLOW US